တက္ကသိုလ်တွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးမယ်လို့ ရန်ကုန် တိုင်း ဝန်ကြီးချုပ် ပြော
မြန်မာနိုင်ငံက တက္ကသိုလ်အားလုံးကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီး ကျောင်းသားသမဂ္ဂတွေ တရား ဝင်ဖွဲ့စည်းခွင့်ပေးသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
-
2016-07-24 -
-
-
မြန်မာနိုင်ငံက တက္ကသိုလ်အားလုံးကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီး ကျောင်းသားသမဂ္ဂတွေ တရားဝင်ဖွဲ့စည်း ခွင့်ပေးသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ရန်ကုန်မြို့ Novotel Hotel မှာ ဒီနေ့ကျင်းပတဲ့ ရွှေပါရမီပညာရေးဖောင်ဒေးရှင်းရဲ့ ၄ ကြိမ်မြောက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့ မြန်မာနိုင်ငံမှာ တက္ကသိုလ်အသီးသီးဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေရလာမယ့် တက္ကသိုလ် များ ဖြစ်လာတော့မှာဖြစ်ပါတယ်၊ တက္ကသိုလ်တိုင်းဟာ ကိုယ့်တက္ကသိုလ်ရဲ့ ကောင်းမွန်မှု၊ ကိုယ့်တက္ကသိုလ် ရဲ့ တိုးတက်မှုတွေကို ကြိုးပမ်းရမှာဖြစ်ပါတယ်၊ ဒီတက္ကသိုလ်တိုင်းမှာလည်း ကျောင်းသားသမဂ္ဂတွေကို တရားဝင်ဖွဲ့စည်းခွင့်ပေးပြီး ကျောင်းသားတွေဟာ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးတွေကို တက္ကသိုလ်ပညာ ရပ်တွေမှာ လေ့လာဆည်းပူးခွင့် ရလာကြမှာဖြစ်ပါတယ်၊ ဒါမှသာ တက္ကသိုလ်တွေကထွက်လာတဲ့ ကျောင်း သားတွေအားလုံးဟာ အနာဂတ်မြန်မာနိုင်ငံကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်မှု မျိုးဆက်သစ်တွေကို မွေး ထုတ်ပေးနိုင်မှာဖြစ်ပါတယ်"
ပြည်ထောင်စုလွှတ်တော်မှာ အဆင့်မြင့်ပညာဥပဒေကို အတည်ပြုပြဌာန်းပြီးနောက်ပိုင်း တက္ကသိုလ် ဥပဒေတွေပေါ်ပေါက်လာမှသာ ကျောင်းသား သမဂ္ဂအဖွဲ့တွေဟာ တရားဝင်ဖွဲ့စည်းခွင့်ရရှိမှာ ဖြစ်ပါတယ်။
အခြေခံပညာဥပဒေ၊ အဆင့်မြင့်ပညာဥပဒေနဲ့ ပုဂ္ဂလိကကျောင်းဥပဒေတွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်အများစုပါဝင်တဲ့ လွှတ်တော်က ကြိုးစားရမှာ ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ပညာရေးဥပဒေတွေ ပေါ်ပေါက်လာပြီးနောက်ပိုင်း တက္ကသိုလ်တွေအားလုံးကို အမျိုးသားပညာရေး ဥပဒေပါပြဌာန်းချက်နဲ့အညီ နိုင်ငံတကာအဆင့်အတန်းနဲ့ ကိုက်ညီမှုရှိ မရှိကိုလည်း စစ်ဆေးသွား မှာဖြစ်ပါတယ်။
အစိုးရက ကြိုးစားနေတဲ့ ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်တွေမှာ ပြည်သူတွေ ပူးပေါင်းပါဝင် ဖို့ကိုလည်း ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။
ရွှေပါရမီပညာရေးဖောင်ဒေးရှင်းရဲ့ ၄ ကြိမ်မြောက် ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲကို ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ ရွှေပါရမီပညာရေးဖောင်ဒေးရှင်းက အဖွဲ့ဝင်တွေ၊ ကျောင်းသူ၊ ကျောင်းသားတွေ နဲ့ အလှူရှင်တွေတက်ရောက်ခဲ့ပါတယ်။
ရွှေပါရမီပညာရေးဖောင်ဒေးရှင်းကို လွန်ခဲ့ဲတဲ့၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး တက္ကသိုလ်ကျောင်းသူ ကျောင်းသား ၆၅၀ ကို ပညာသင် ထောက်ပံ့ ထားတာဖြစ်ပါတယ်။
ပညာသင်ထောက်ပံ့ကြေးအဖြစ်ကျောင်းသား တစ်ယောက်ကို ကျပ် ၆သောင်း ကနေ ကျပ် ၁ သိန်း အထိ လစဉ်ထောက်ပံ့မှာဖြစ်ပြီး စာမေးပွဲကျရှုံးသူတွေနဲ့ အိမ်ထောင်ကျသွားသူတွေကို ပညာသင်ထောက်ပံ့ကြေး ရပ်ဆိုင်းမှာဖြစ်ပါတယ်။