ဖားကန့်မှာ မြေစာစွန့်နည်းပြောင်း ဖို့ ညွှန်ကြား

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း တွင်းဒေသမှာ မြေစာပုံပြိုကျမှုတွေ ဆက် တိုက် ဖြစ်ပေါ်နေတဲ့အတွက် အုပ်ချုပ်ရေး အာဏာပိုင်တွေက ကျောက်တူးဖော်ရေးကုမ္ပဏီတွေကို မြေစာစွန့်ပစ်တဲ့နည်း ပြောင်းလဲဖို့ ဒီနေ့ ညွှန်ကြားလိုက်ပါတယ်။

ဖားကန့် စွန့်ပစ်မြေစာပုံမှာ ရေမဆေးကျောက်ရှာသူများကို မြင်ရစဉ် Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာပုံပြိုကျမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေတဲ့အတွက် အုပ်ချုပ်ရေးအာဏာပိုင်တွေက ကျောက်တူးဖော်ရေးကုမ္ပဏီတွေကို မြေစာစွန့်ပစ်တဲ့နည်း ပြောင်းလဲဖို့ ဒီနေ့ ညွှန်ကြားလိုက်ပါတယ်။

အမြင့်ပိုင်း အပေါ်ကနေ ကားတွေနဲ့ မြေစာစွန့်ပစ်တဲ့ နည်းလမ်းကို မသုံးဘဲ အောက်ခြေကနေ ခရုပတ်လမ်းဖောက် ပြီး စွန့်ပစ်ဖို့ ကုမ္ပဏီတွေကို ညွှန်ကြားတာဖြစ်တယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့် က ပြော ပါတယ်။

"အပေါ်ကနေ ပစ်တဲ့စနစ် မဟုတ်ဘဲနဲ့ အောက်ခြေမှာ ပတ်လမ်းဖောက်ပြီးတော့ မြေစာကို တဆင့်ခြင်းတက်တဲ့ ခရုပတ်စနစ်နဲ့ စွန့်ပစ်ဖို့အတွက် ဒီနေ့ ၁၁ နာရီအချိန်မှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ တပ်မမှူးကိုယ်တိုင် လိုက်ပြီးတော့ ကုမ္ပဏီနဲ့တွေ့ဆုံပြီးတော့ ဒီနေ့စတင်ပြီး ဆောင်ရွက်လျှက်ရှိပါတယ်၊ ဒီလိုဆောင်ရွက်ခြင်း အားဖြင့် ရေမဆေးကျောက်ရှာတဲ့လူတွေမှာလည်း မြေစာပြိုကျတဲ့ အန္တရာယ်ကနေ လွတ်မှာဖြစ်ပါတယ်"

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုက ကန်ခမ်စုပေါင်းမြေစာပုံမှာ ရာဇဋ္ဌာနီ၊ ထွန်းတောက်ဇမ္ဗူ၊ ရတနာ ရောင်ခြည်၊ နေမင်းကမ္ဘာ စတဲ့ ကုမ္ပဏီတွေက မြေစာစွန့်ပစ်နေတာဖြစ်ပြီး အဲဒီစုပေါင်းမြေစာပုံဟာ မကြာခဏ ပြိုကျနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဖားကန့်ဒေသမှာလုပ်ကိုင်နေတဲ့ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေအားလုံးကို အန္တရာယ်ကင်း တဲ့နည်းလမ်းတွေနဲ့ မြေစာစွန့်ပစ်ဖို့အတွက် လုံးခင်းကျောက်စိမ်း တူးဖော်ရေးဋ္ဌာနကတဆင့် အကြောင်းကြား သွားမယ်လို့ သိရပါတယ်။

ဒီရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို ပြိုကျနေတဲ့ ကန်ခမ် စုပေါင်းမြေစာပုံအောက်ခြေမှာ တောင်ကျချောင်းရေတွေ ဟာ စီးဆင်နေတဲ့အတွက် မကြာခဏ မြေပြိုနေတာလို့လည်း သိရပါတယ်။

အလားတူ ဖားကန့်မြို့နယ် မနမှော်ရွာနားက မျိုးနွယ်ကျောက်မျက်ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံအဟောင်း ဒီနေ့ မနက်ပိုင်းက ပြိုကျပြီး ကျောက်တူးနေတဲ့ ရေမဆေးသမား ၂ ဦး သေဆုံးခဲ့ပါတယ်။

ဝှေခါ၊ ဆိပ်မူ၊ လုံးခင်းစတဲ့ ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက် မှော်ရွာတွေတစ်ဝိုက်မှာ မြေစာစွန့်ပစ်ဖို့ အစိုးရက တရားဝင်ခွင့်ပြုထားတဲ့ နေရာ ၁၃ ခုရှိတယ်လို့သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org