ဖားကန့်မြို့နယ်မှာ လေပြင်းတိုက်တာကြောင့် လူ ၃ ဦးသေဆုံး
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဧပြီလ ၁၈ ရက်နေ့ညက လေပြင်းတိုက်တာကြောင့် လူ ၃ ဦး သေဆုံးခဲ့ကြောင်း ဖားကန့်မြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖုန်ဂမ်ရိန်က ပြောပါတယ်။
-
2019-04-20 -
-
-
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဧပြီလ ၁၈ ရက်နေ့ညက လေပြင်းတိုက်တာကြောင့် လူ ၃ ဦး သေဆုံးခဲ့ကြောင်း ဖားကန့်မြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖုန်ဂမ်ရိန်က ပြောပါတယ်။
သေဆုံးသူတွေဟာ လုံးခင်းဘက်က ၁ ဦးနဲ့ အေးမြသာယာက ၂ ဦးဖြစ်ပြီး ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေသူတွေဖြစ်ကြောင်း သိရပါတယ်။
အဲ့ဒီ လေပြင်းဒဏ်ကြောင့် ဖားကန့်မြို့နယ်အတွင်းက အိမ်ခြေ ၈၀ ခန့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပြီး လူဦးရေ ၂၇၀ ကျော် ဒုက္ခရောက်ခဲ့ရတယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ အဲဒီဒုက္ခသည်တွေကို ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ ကူညီထောက်ပံ့ပေးနိုင်ဖို့ ပြင်ဆင်နေကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် ဖားကန့်မြို့နယ်က အထိမ်းအမှတ် မနောတိုင်လည်း ပြိုကျပျက်စီးခဲ့ပါတယ်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မုံရွာ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ အရာတော်မြို့နယ်တွေမှာလည်း ဧပြီ ၁၈ ရက်နေ့ညက လေပြင်းတိုက်ခတ်တာကြောင့် အိမ်ခြေ ၄၀၀ ကျော် ပျက်စီးခဲ့ရပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ်မှာလည်း ဧပြီလ ၁၇ ရက်နေ့ညနေက လေပြင်းတိုက်ပြီး ကျေးရွာ ၁၁ ရွာက လူနေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကတော့ မြန်မာနိုင်ငံကို အနောက်တောင် မုတ်သုံလေ မဝင်ရောက်ခင် ကာလအတွင်း လေထု မငြိမ်မသက်မှုတွေနဲ့ နေ့အပူချိန်တွေ တဖြည်းဖြည်းမြင့်တက်လာတာတွေကြောင့် မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ လေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာတာတွေ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက် ထုြတ်ပန်ထားပါတယ်။
လေပြင်းတိုက်ခတ်ချိန်မှာ မြေပြင်၊ရေပြင်လေဟာ တနာရီလျှင် ၃၅ မိုင်ကနေ မိုင် ၄ဝ အထိတိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။