ဖားကန့်မြေပြိုမှု သေဆုံးသူ ၁၁၄ ဦးရှိသွားပြီ

ကချင်ပြည်နယ် ဖားကန့်မြို့ ဆွတ်အောင်ကျေးရွာအနီးက ကျောက်စိမ်း တူးဖော်တဲ့နေရာမှာ မြေစာပုံပြိုကျလို့ ဒီကနေ့အထိ သေဆုံးသူအရေအတွက် ၁၁၄ ဦးရှိပြီဖြစ် ကာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအတွက် ကချင်ပြည် နယ် အစိုးရက တစ်ဦးကို ကျပ် ခြောက်သိန်းနှုန်းစီ ထောက် ပံ့ပေးခဲ့တယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးဌာနက ပြောပါ တယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ရေမဆေးကျောက်တွေကို ရှာဖွေနေကြစဉ် Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် ဖားကန့်မြို့ ဆွတ်အောင်ကျေးရွာအနီးက ကျောက်စိမ်းတူးဖော် တဲ့နေရာမှာ မြေစာပုံ ပြိုကျလို့ ဒီကနေ့အထိ သေဆုံးသူအရေအတွက် ၁၁၄ ဦးရှိပြီဖြစ်ကာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအတွက် ကချင်ပြည်နယ်အစိုးရက တစ်ဦးကို ကျပ် ခြောက်သိန်းနှုန်းစီ ထောက်ပံ့ပေးခဲ့တယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးဌာနက ပြောပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကိုယ်တိုင် မိသားစုဝင်တွေကို ဒီနေ့ လာရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှုး ဦးတင်ဆွေမြင့်က ပြောပါတယ်။

"ဒီနေ့ဝန်ကြီးချုပ်ကိုယ်တိုင် အဲ့ဒီမိသားစုတွေကို လာပြီးတော့ ထောက်ပံ့မှု တွေလုပ်ပါတယ်၊ နေ့လည် ၂ နာရီက၊ မိသားစုတစ်စုကို ငွေကျပ် ၆ သိန်းနဲ့ ဆုံးပါးသွား တဲ့လူတစ်ဦးကို ငွေကျပ် ၆ သိန်းနဲ့ ဆန်တစ်အိတ်နဲ့ ဆီနဲ့ပေါ့"

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့ မနက် ၃နာရီလောက်က ဖားကန့်မြို့ ဆွတ်အောင်ကျေးရွာအနီးက မြေစာပုံပြိုကျခဲ့ တာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းက အလောင်း တစ်လောင်း တွေ့ရှိခဲ့ကာ စုစုပေါင်း ၁၁၄ လောင်း ရရှိထားပြီးဖြစ်တယ် လို့ ပြောပါတယ်။

အခုလိုအဖြစ်ဆိုးမျိုး နောက်ထပ်မဖြစ်အောင်လည်း ကျောက်တူးဖော်တဲ့ ကုမ္ပဏီတွေကို ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားတာမျိုးတွေလုပ်နေပြီလို့ ပြောပါတယ်။ ဘယ်လိုညွှန်ကြားမယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာတော့ မရှိပါဘူး။

ဖားကန့်ကျောက်စိမ်းတွင်းမှာ လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီပေါင်း ၂၀၀ ကျော်ရှိပြီး အခုလိုမြေစာပုံပြိုကျ တဲ့ ဖြစ်စဉ်မျိုးတွေဟာ မကြာခဏဖြစ်ပွားခဲ့ကာ ဒီတစ်ကြိမ် ဟာ သေဆုံးမှုအများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။

ဦးတင်ဆွေမြင့်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဖားကန့်မှာ ရောက်ရှိနေတဲ့ RFA သတင်းထောက် ကိုကျော်မျိုးမင်းကို ဝါရှင်တန်ဒီစီမြို့ RFA ရုံးချုပ်ကနေ ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ ကိုလည်း နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org