စွန့်ပစ်မြေစာပုံပြိုကျမှု လူ ၂၀ ခန့် ပျောက်ဆုံးနေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ရွာက ရတနာစန်းရွှင် ကျောက် တူးဖော်ရေးကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံဟာ ဒီကနေ့မနေက်ပိုင်းက ပြိုကျခဲ့တာကြောင့် လူ အယောက် ၂၀ လောက် မြေစာပုံထဲ ပါသွားတယ်လို့ ခန့်မှန်းထားပြီး ညနေ ၄ နာရီလောက်အထိ အလောင်း ၃ လောင်းရှာဖွေ ရရှိထားတယ်လို့ ကူညီဆောင်ရွက်နေ သူတွေက ပြောပါတယ်။
-
2018-01-10 -
-
-
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ရွာက ရတနာစန်းရွှင် ကျောက်တူးဖော်ရေးကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံဟာ ဒီကနေ့မနေက်ပိုင်းက ပြိုကျခဲ့တာကြောင့် လူ အယောက် ၂၀ လောက် မြေစာပုံထဲ ပါသွားတယ်လို့ ခန့်မှန်းထားပြီး ညနေ ၄ နာရီလောက်အထိ အလောင်း ၃ လောင်းရှာဖွေ ရရှိထားတယ်လို့ ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။
မြေစာပုံပြိုကျတဲ့ နေရာမှာ ကိုယ်တိုင်ရှာဖွေကူညီနေတဲ့ သင်္ခါလူမှုကူညီရေးအသင်း က ကိုကျော်ကျော်ဆန်း က အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
"အယောက်၂၀ လောက် ခန့်မှန်းထားတယ်။ အခု ၃ လောင်းရှိပြီ။ မြေစာက ပစ်တာက တအားကြီး မောက်သွားတာ။ မြင့်သွားတာလေ။ ကုမ္ပဏီတွေက ဂရုမစိုက်ဘူးပေါ့ဗျာ။ မြေစာက အတိုင်းထက် အလွန် မတ်သွားပြီးတော့ ပြိုကျတဲ့သဘောပဲခင်ဗျ။ အဲ့ထဲမှာ ရှိနေတဲ့လူတွေလည်း အကုန်လုံး သေပြီးတာပဲခင်ဗျ။ တယောက်မှမရှင်တော့ဘူး။ ဒဏ်ရာတွေက တကိုယ်လုံးပဲ။ နဖူးတွေရော၊ ဗိုက်တွေရော၊ ရင်ဘတ်တွေရော၊ နောက်ကျောက်တွေရော၊ ဒူးတွေရော၊ တလောင်းက ခါးရိုးတွေရောကျိုးလို့ အများကြီးပဲ"
မြေစာပုံပြိုကျတဲ့အထဲ ပါသွားသူအရေအတွက်ကို လူမှုကွန်ရက် စာမျက်နှာတွေမှာ အမျိုးမျိုးရေးသားမှုတွေရှိနေပြီး ကူညီရေးကယ်ဆယ်ရေးဆောင်ရွက်နေ သူတွေက အယောက် ၂၀ လောက်ရှိကြောင်း ခန့်မှန်းထားတာပါ။
ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးက မြေစာပုံပြိုကျတဲ့အထဲပါသွားသူ အရေအတွက်မှာ စစ်ကိုင်းတိုင်း ဒေသကြီး ပင်လယ်ဘူးမြို့နယ်က ၃ ယောက်နဲ့ တန့်ဆည်မြို့နယ်က ၁ ယောက် စုစုပေါင်း ၄ ယောက် စာရင်းကို လတ်တလောရရှိထားတယ်လို့ RFA ကို ပြောပါတယ်။
လက်ရှိမှာ ဘက်ဟိုး ယန္တရား ၆ စီးနဲ့ လူမှုကူညီရေးအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့တွေနဲ့ ဋ္ဌာနဆိုင်ရာတချို့ ပူးပေါင်းပြီး ရှာဖွေကူညီနေတယ်လို့ သိရပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းနယ်မြေမှာ ဒီဇင်ဘာလ ၄ ရက်နေ့က ရေမဆေးသမား ၆ ယောက် သေဆုံးခဲ့ပြီး ဒီဇင်ဘာလ ၆ ရက်နေ့က ၅ ယောက်သေဆုံး ခဲ့ပါတယ်။ ဒီတစ်ကြိမ်နဲ့ဆို သီတင်းတပတ် အတွင်း နေရာ ၃ ခုမှာ မြေစာပုံ ၃ ကြိမ်ပြိုကျခဲ့ပြီး လူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တာဖြစ်ပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းနယ်မြေမှာ အခုလိုပွင့်လင်းချိန် ဆောင်းကာလမှာ စွန့်ပစ်မြေစာပုံ ပြိုကျမှုတွေနဲ့ အတူ မိုးကာလမှာ ကျောက်တောင်ကမ်းပါးတွေပြိုကျလို့ မကြာခဏ ထိခိုက်သေဆုံးမှု တွေရှိနေပါတယ်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်းက ဆိပ်မူကျေးရွာအုပ်စု ကန်ခမ် စုပေါင်းစွန့်ပစ်မြေစာပုံပြိုကျလို့လူ အယောက် ၁၁၀ ကျော် သေဆုံးခဲ့မှုဟာ ဒီနှစ်ပိုင်းတွေအတွင်း လူအသေအပျောက်အများဆုံး အဖြစ်အပျက်တခုဖြစ်ပါတယ်။