ကျောက်စိမ်းတုံးကို မြစ်ကြီးနားမြို့ သို့ သယ်ယူ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ပုံရွာ အနီးက ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရေမဆေးသ မားတွေ တွေ့ရှိခဲ့တဲ့ ခန့်မှန်းအလေးချိန် ၄ တန်ကျော် ရှိ ကျောက်စိမ်းအရိုင်းတုံးကို ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ် နဲ့ မြစ်ကြီးနားမြို့ကို ဒီကနေ့ သယ်ယူလာပြီဖြစ်ပါတယ်။
-
2017-04-29 -
-
-
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ပုံရွာအနီးက ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရေမဆေး သမားတွေ တွေ့ရှိခဲ့တဲ့ ခန့်မှန်းအလေးချိန် ၄ တန်ကျော်ရှိ ကျောက်စိမ်းအရိုင်းတုံးကို ပြည်နယ်အစိုးရအဖွဲ့ အစီ အစဉ်နဲ့ မြစ်ကြီးနားမြို့ကို ဒီကနေ့ သယ်ယူလာပြီဖြစ်ပါတယ်။
ကျောက်စိမ်းတုံး တွေ့ရှိခဲ့သူတွေကို ကုမ္ပဏီဘက်က ကျပ်သိန်းပေါင်း တစ်ထောင့်သုံးရာ့ရှစ်ဆယ် ပေးပြီး ညှိနှိုင်း အဆင်ပြေတဲ့အတွက် အဲဒီကျောက်ကို နိုင်ငံတော်ဘဏ္ဍာအဖြစ်နဲ့ လုံခင်းကျောက်စိမ်းရုံးကနေ မြစ်ကြီးနားကို ဒီကနေ့ သယ်ဆောင်သွားပြီဖြစ်ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က ပြောပါတယ်။
"ကျောက်စိမ်းတုံးကတော့ မြစ်ကြီးနားကို သယ်သွားပြီခင်ဗျ၊ ပြည်နယ်အစိုးရ အစီအစဉ်နဲ့။ ဒီကျောက် စိမ်းတုံးကြီးကို ကျနော်တို့ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းရမယ့်ပစ္စည်းဆိုတော့ ဒါကိုသွားပြီးတော့ သိမ်းတဲ့အခါမှာ ညတုန်းက ကျောက်စိမ်းရုံး (လုံးခင်း ) မှာထားတယ်။ အခုတော့ မြစ်ကြီးနားကို ပို့လိုက်ပြီ။ ကုမ္ပဏီက ကျောက်တွေ့တဲ့သူကို ငွေကျပ်သိန်း ၃ဝဝ ပေးတယ်လို့ ပြောတယ်။ ပြီးရင်တော့ အဲဒီထဲမှာရှိနေတဲ့ ရေမဆေးတွေ ဂျော်ကီပေါ့ဗျာ သူတို့ဒီဒေသအခေါ် ဂျော်ကီအနေနဲ့ မုန့်ဖိုးကို တစ်ယောက် တစ်သောင်းပေးတယ်။ သူတို့စာရင်းအရတော့ လူဦးရေ တစ်သောင်းနဲ့ ရှစ်ရာလောက် ပြ တာပေါ့နော်။ ဆိုတော့ တစ်ထောင်နဲ့ရှစ်ဆယ် တွေ့တဲ့သူကို သုံးရာပေးတယ်လို့ ပြောတယ်။ အဲဒီတော့ ထောင့်သုံးရာ့ ရှစ်ဆယ် ဖြစ်သွားမှာပေါ့"
ကျောက်စိမ်းတုံးတွေရှိတဲ့ ရေမဆေးသမားတွေကို ကျပ်သိန်းသုံးရာ၊ ကျောက်ကို သယ်ဆောင်ရာမှာ ပါဝင်ကူညီသူ အယောက် တစ်သောင်းရှစ်ရာအတွက် ဒေသအခေါ် ဂျော်ကီဝေစုအဖြစ် တစ်ယောက်ကို ငွေကျပ် တစ်သောင်းနှုန်းနဲ့ စုစုပေါင်း ကျပ်သိန်းထောင့်သုံးရာ့ရှစ်ဆယ်ကို တောက်ပကြယ်ကုမ္ပဏီက မနေ့က ညနေပိုင်း မှာ ပေးလိုက်တယ်လို့ သိရပါတယ်။
ဖားကန့်ဒေသ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့အတူ ဖားကန့်မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးလို့ အဲဒီလိုအဆင်ပြေသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီကျောက်စိမ်းအရိုင်းတုံးကို ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဝါကျဲမှော်က ငွေဆင် လုပ်ကွက် ၂ မှာ ရေမဆေးသမားတွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ရေမဆေးသမားတွေကို သိန်းတစ်ထောင်ကျော်ပေးခဲ့တဲ့ တောက်ပကြယ်ကုမ္ပဏီနဲ့ ငွေဆင်ကုမ္ပဏီတို့ဟာ ကုမ္ပဏီအုပ်စုအတူတူဖြစ်ပြီး အစိုးရနဲ့ အကျိုးတူလုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။