PEN Myanmar ရုံးခန်း ရန်ကုန်မြို့မှာ ဖွင့်လှစ်

နိုင်ငံတကာက စာရေးဆရာ၊ ကဗျာဆရာနဲ့ ထုတ်ဝေသူတွေနဲ့ ဖွဲ့စည်းထားတဲ့ PEN International အဖွဲ့ဝင် PEN Myanmar ရဲ့ ရုံးခန်းဖွင့်ပွဲကို ရန်ကုန်မြို့ အထက်ပုဇွန်တောင်လမ်းမှာရှိတဲ့ ရုံးခန်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

မေလ ၃ဝ ရက်နေ့က ရန်ကုန်မြို့ PEN MYANMAR ရုံးဖွင့်ပွဲမှာ စာရေးဆရာမ မသီတာ(စမ်းချောင်း)ကို တွေ့ရစဉ် Photo: Win Naing, Nay Myo Htun, Kyaw Lwin Oo / RFA

နိုင်ငံတကာက စာရေးဆရာ၊ ကဗျာဆရာနဲ့ ထုတ်ဝေသူတွေနဲ့ ဖွဲ့စည်းထားတဲ့ PEN International အဖွဲ့ဝင် PEN Myanmar ရဲ့ ရုံးခန်းဖွင့်ပွဲကို ရန်ကုန်မြို့ အထက်ပုဇွန်တောင်လမ်းမှာရှိတဲ့ ရုံးခန်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

PEN Myanmar အဖွဲ့မှာ ဥက္ကဌအဖြစ် စာရေးဆရာမ မသီတာ (စမ်းချောင်း) နဲ့ ဒါရိုက်တာ အဖွဲ့ဝင်  ၆ ဦး အပြင် အတွင်းရေးမှူးအဖြစ် ဘလော့ဂါ ကိုနေဘုန်းလတ်က တာဝန်ယူထားတာ ဖြစ်ပါတယ်။  PEN Myanmar အဖွဲ့အတွင်းရေးမှူး  ကိုနေဘုန်းလတ် က သူတို့အဖွဲ့ရဲ့ ရပ်တည်ချက်ကို အခုလိုပြောပါ တယ်။

"လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို ကာကွယ်ပြီးတော့ စာပေပုံစံအသစ်ကို မြှင့်တင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့သွားပါတယ်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နဲ့ ပတ်သက်လာတဲ့အခါမှာဖြစ်ဖြစ်၊ လွတ်လပ်မှုကို ထိပါးတဲ့အခါမျိုးတွေမှာ ပဲဖြစ်ဖြစ် ကျနော်တို့ ကြေညာချက်အနေနဲ့ ထုတ်ခဲ့ပါတယ်၊ အဲလိုထုတ်တဲ့အခါမှာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတဲ့ကိစ္စတွေ ဒီလိုကိစ္စတွေပေါ်လာတာနဲ့ ကျနော်တို့ PEN Myanmar အနေနဲ့ ကြေညာချက်ထုတ် ပြီး ကန့်ကွက်ခဲ့တာတွေ လုပ်ဆောင်ခဲ့ပါတယ်"

PEN Myanmar အဖွဲ့မှာ မြန်မာနိုင်ငံက နာမည်ကြီး စာရေးဆရာတွေ ကဗျာဆရာတွေ ထုတ်ဝေသူတွေကလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ကြပါတယ်။ စာရေးဆရာတွေ၊ ကဗျာဆရာတွေ ထုတ်ဝေသူတွေအနေနဲ့ အဖွဲ့ဝင်အဖြစ် လျှောက် ထားနိုင်ပြီး စာပေဝါသနာရှင်တွေအနေနဲ့လည်း လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

PEN Myanmar အဖွဲ့ဟာ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို ကာကွယ်ဖို့နဲ့ သစ်လွင်သော စာပေယဉ်ကျေးမှု ပေါ် ထွန်းလာရေး ဆောင်ပုဒ်နဲ့ ရပ်တည်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ စာရေးဆရာတွေစုပေါင်းပြီး နယ်မြို့တွေမှာ ရသစာပေဖွံံ့ဖြိုးရေးအတွက် ‘ရသ အစုံအဆန်’ အမည်နဲ့ စာပေဝိုင်းတွေကို ပြုလုပ်ပေးနေတယ်လို့လည်း သိရပါတယ်။

PEN international ကို လွန်ခဲ့တဲ့ ၁၉၂၀ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဒီနေ့အချိန်ဆိုရင် ကမ္ဘာ့နိုင်ငံပေါင်း ၁၄၈ နိုင်ငံမှာ PEN Myanmar လို အဖွဲ့ခွဲတွေ တည်ထောင်ထားနိုင်ပြီး မြန်မာနိုင်ငံကတော့ ဒီနှစ်မှ တည်ထောင် ခွင့်ရရှိတာလို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org