ရသစာပေမြှင့်တင်ရေး ဆွေးနွေး
2013.11.27

ရသစာပေကို ကျောင်းပညာရေးနဲ့ ပေါင်းကူးဆက်စပ်ရန် နဲ့ မြှင့်တင်ရန်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ Pen Myanmar အဖွဲ့က ကျောင်းစာသင်ခန်းတွေမှာ ဆွေးနွေးဟောပြော ကာ ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ အဲဒီအဖွဲ့ဝင်တွေက ဒီနေ့ ပြောကြပါတယ်။
ရန်ကုန်မြို့ Asia Plaza မှာ ကျင်းပတဲ့ Pen Myanmar ညီလာခံအခမ်းအနားမှာ မြန်မာနိုင်ငံအတွင်း ရသစာပေ မှေးမှိန်ကျဆင်းနေတဲ့အတွက် ကျောင်း ပညာရေးနဲ့ ဆက်နွယ်ပြီး မြှင့်တင်ဖို့လုပ်ဆောင် မှာ ဖြစ်တယ်လို့ Pen Myanmar အဖွဲ့ဝင် စာရေးဆရာတွေက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ ကျောင်းပညာရေးစနစ်မှာ ဖန်တီးတီထွင်မှုတွေနဲ့ ပတ်သက်ရင် အားနည်းနေ တာကြောင့် ရသစာပေကို ကျောင်းပညာရေး နဲ့ ပေါင်းကူးဆက်စပ်ဖို့ Pen Myanmar အဖွဲ့က ကြိုးပမ်းရတာဖြစ်ကြောင်း စာရေးဆရာမ မသီတာ (စမ်းချောင်း) က ပြောပါတယ်။
“ကျောင်းပညာရေးစနစ်မှာ ဖန်တီးတီထွင်မှုတွေနဲ့ ပတ်သက်ရင် အားနည်းတဲ့အတွက်ကြောင့်မို့ ကျောင်းနေစဉ် အရွယ်ကတည်းကိုက ရသစာပေကို ဖတ်နည်းတတ်အောင်၊ ဖတ်ချင်အောင်၊ လေ့လာချင်အောင် ဖြစ်နိုင်မယ်ဆိုလို့ရှိရင် အစိုးရကျောင်းများ အပါအဝင်ပေါ့နော် လက်တလောမှာတော့ ပုဂ္ဂလိကကျောင်းပေါ့နော်၊ တက္ကသိုလ်တွေကအစပေ့ါ၊ စာသင်ခန်းတွေမှာ ရသစာပေကို ရွတ်ဖတ်တဲ့အလေ့အထ၊ ဆွေးနွေးတဲ့အလေ့အထ ပိုပြီးတော့ခံစားတဲ့အလေ့အထ စာရေးဆရာတွေကပဲ လိုက်ပြီးတော့ ဆွေးနွေးတာတို့၊ ဟောပြောပို့ချတာတို့ အဲဒီပုံစံမျိုးလေးတွေ လုပ်သွားမယ်လို့ စဉ်းစားပါတယ်”
Pen Myanmar အဖွဲ့ဟာ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Pen International ရဲ့ ထောက်ခံမှုရထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်၊ ငြိမ်းချမ်းရေးနဲ့ ရင်းနှီးချစ်ကြည်မှုတို့ကို အခြေခံကာ စာရေးဆရာ၊ ကဗျာဆရာတွေရဲ့ အခွင့်အရေးတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်းကို RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။