သတင်းသမားတွေ ဖမ်းဆီးခံနေရတဲ့အပေါ် PCMJ လှုပ်ရှားမှုပြုလုပ်
သတင်းမီဒီယာလွတ်လပ်ခွင့် ပျောက်ဆုံးနေတဲ့အတွက် ပြည်သူလူထု သတင်းသိရှိပိုင်ခွင့် ဆုံးရှုံးနေ ရတာတွေကို ပြည်သူတွေ ပိုမိုသိရှိစေဖို့ မြန်မာသတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ PCMJ အဖွဲ့က ဒီကနေ့ လက်ကမ်းစာစောင်တွေ၊ စတစ်ကာကပ်တဲ့ လှုပ်ရှားမှုတွေကို ပထမဆုံး အကြိမ် လုပ်ဆောင်ခဲ့ပါတယ်။
-
2018-01-23 -
-
-
သတင်းမီဒီယာလွတ်လပ်ခွင့် ပျောက်ဆုံးနေတဲ့အတွက် ပြည်သူလူထု သတင်းသိရှိပိုင်ခွင့် ဆုံးရှုံးနေရတာတွေ ကို ပြည်သူတွေ ပိုမိုသိရှိစေဖို့ မြန်မာသတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ PCMJ အဖွဲ့က ဒီကနေ့ လက်ကမ်းစာစောင်တွေ၊ စတစ်ကာကပ်တဲ့ လှုပ်ရှားမှုတွေကို ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့ပါတယ်။
သတင်းထောက်တွေ ဖမ်းဆီးခံနေရတဲ့အတွက် သတင်းလွတ်လပ်ခွင့် ဆုံးရှုံစေပြီး ပြည်သူလူထုအပေါ် သက်ရောက်မှုရှိတယ်ဆိုတာကို သိစေချင်လို့ ပြုလုပ်တာ ဖြစ်တယ်လို့ PCMJ က ကိုသာလွန်ဇောင်းထက် က ပြောပါတယ်။
"အဓိကကတော့ လူထုကြားထဲကိုပျံ့နှံ့အောင်လုပ်ချင်တာပေါ့နော်၊ သတင်းထောက်တွေအဖမ်းခံရတာ ပြည်သူလူထုအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာ သူတို့နားလည်အောင်၊ သတင်းထောက်တွေအဖမ်းခံရတာသည် ပြည်သူလူထု သတင်းအမှန်သိဖို့ခက်ခဲလာတယ်ဆိုတာ သူတို့ကိုယ်တိုင်နားလည်လာအောင် ကျနော်တို့ကဒီလိုမျိုး လက်ကမ်းစာစောင်တွေ၊ စတစ်ကာတွေ ဒါမျိုးတွေ ကျနော်တို့ ဖြန့်တာပေါ့လေ"
အဲဒီလှုပ်ရှားမှုတွေကို အဆက်မပြတ်ပြုလုပ်သွားမှာဖြစ်ပြီး ဒီကနေ့ လှုပ်ရှားမှုကို မရမ်းကုန်းမြို့နယ် လှည်းတန်းစင်တာအနီးမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ရိုက်တာ သတင်းထောက် နှစ်ဦးဖမ်းဆီးခံရပြီးနောက်ပိုင်း PCMJ အဖွဲ့က ရန်ကုန်မြို့မှာ ၂ ကြိမ်၊ ပြည်မြို့မှာ တစ်ကြိမ် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ရိုက်တာသတင်းဌာနက သတင်းထောက် ကိုသက်ဦးမောင် (ခေါ်) ဝလုံးနဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင်တို့ နှစ်ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က နိုင်ငံတော် လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ နဲ့ မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
ကိုသက်ဦးမောင် (ခေါ်) ဝလုံးနဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင်တို့ နှစ်ဦးကို ဒီကနေ့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။