ရုပ်မြင်သံကြားနဲ့ အသံလွှင့်ခြင်း ဆိုင်ရာဥပဒေ ပြည်ထောင်စု လွှတ်တော်အတည်ပြု
ဒီကနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ရုပ်မြင်သံကြားနဲ့ အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေအရ ပုံနှိပ်မီဒီယာတွေနဲ့ ရုပ်မြင် သံကြား မီဒီယာတွေဟာ အပြန်အလှန် ၃၀ ရာခိုင်နှုန်းအထိ ရင်းနှီးမြှုပ်နှံခွင့်ရှိမှာ ဖြစ်ပါတယ်။
-
2015-08-26 -
-
-
ဒီကနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ရုပ်မြင်သံကြားနဲ့ အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေအရ ပုံနှိပ် မီဒီယာတွေနဲ့ ရုပ်မြင်သံကြား မီဒီယာတွေဟာ အပြန်အလှန် ၃၀ ရာခိုင်နှုန်းအထိ ရင်းနှီးမြှုပ်နှံခွင့်ရှိမှာ ဖြစ်ပါတယ်။
မူလဥပဒေကြမ်းမှာတုန်းက ပုံနှိပ်မီဒီယာတွေကို ရုပ်သံထုတ်လွှင့်ခွင့်လုပ်ကိုင်ခွင့်မပေးခဲ့ဘဲ ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ ရုပ်မြင်သံကြား လုပ်ကိုင်နေသူတွေဟာ ပုံနှိပ်မီဒီယာလုပ်ငန်းလုပ်လိုရင် ၃၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံနိုင်သလို ပုံနှိပ်မီဒီယာသမားတွေကလည်း ရုပ်သံလုပ်ကိုင်လိုရင် ၃၀ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံလို့ရကြောင်း ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဒီကနေ့ ပြောပါတယ်။
"ကျနော်နားလည်တာတော့ ၂ ခုလုံးက တူတူပဲ၊ တစ်ခုမှာပိုင်တဲ့သူသည် တခြားတစ်ဘက်မှာ ၃၀ ရာခိုင်နှုန်း ပဲ ပိုင်ခွင့်ရှိတယ်၊ အရင်တုန်းက ကျနော်တို့က ရုပ်သံထုတ်လွှင့်ခွင့်ပိုင်တဲ့သူက ပုံနှိပ်ကိုသွားခွင့်မရှိဘူး၊ ပုံနှိပ် မီဒီယာက ရုပ်သံလွှင့်ကို မလာဘူးလို့ ဥပဒေမူကြမ်းမှာ အဆိုပြုလိုက်တယ်၊ ဒါပေမဲ့ ဥပဒေမူကြမ်း မှာ ဆွေးနွေးတဲ့အခါကျတော့ သူတို့အတိုင်းတာတစ်ခုထိခွင့်ပြုတယ်လို့ သဘောရတဲ့အခါ ကျနော်တို့ ပြန်ညှိတော့ ၃၀ ရာခိုင်နှုန်း ဟိုဘက်ဒီဘက်တူတူပဲ"
အရင်က ရုပ်သံလုပ်ငန်းတွေကို အစိုးရနဲ့သာ ဖက်စပ်လုပ်ကိုင်ခွင့်ရခဲ့ပေမယ့် အခုအတည်ပြုလိုက်တဲ့ ဥပဒေအရ ပုဂ္ဂလိလုပ်ငန်းရှင်တွေ လုပ်ပိုင်ခွင့်ရမှာဖြစ်သလို ကျွမ်းကျင်သူနိုင်ငံခြားသားတွေကိုပါ ငှားရမ်းခွင့်ရရှိမှာဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတက အခုအတည်ပြုလိုက်တဲ့ ဥပဒေကို ၇ ရက်အတွင်း လက်မှတ်ရေးထိုးပြဌာန်းရမှာဖြစ်ပြီး နည်းဥပဒေကို ၃လအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနက ရေးဆွဲပြီးရင် ရုပ်သံလိုင်စင်တွေလျှောက်ထားခွင့်ရတော့ မှာဖြစ်ပါတယ်။
ရုပ်သံလိုင်စင်လျှောက်ထားရာမှာ ပယ်ချခံရတယ်ဆိုရင် နိုင်ငံတော်သမ္မတအထိ အယူခံဝင်နိုင်တယ်လို့ ပြင် ဆင်ပြဌာန်းခဲ့ကြောင်းလည်း သိရပါတယ်။