လောင်းလုံးမှာ အသက် ၆၀ ကျော် ဇနီးမောင်နှံ ပစ်သတ်ခံရ
ဇွန်လ ၂၆ ရက် မနေ့က တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ကဒက်ကြီးကျေးရွာမှာ စစ်ကောင်စီတပ်သားတွေက အသက် ၆၀ ကျော်အရွယ် ဇနီးမောင်နှံ နှစ်ဦးကို လက်ပြန်ကြိုးတုပ်ပြီး သေနတ်နဲ့ အနီးကပ် ပစ်သတ်ခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) တာဝန်ရှိသူတွေက ပြောပါတယ်။
- 2022-06-27
-
-
-
ဇွန်လ ၂၆ ရက် မနေ့က တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ကဒက်ကြီး ကျေးရွာမှာ စစ်ကောင်စီတပ်သားတွေက အသက် ၆၀ ကျော်အရွယ် ဇနီးမောင်နှံ နှစ်ဦးကို လက်ပြန်ကြိုးတုပ်ပြီး သေနတ်နဲ့ အနီးကပ် ပစ်သတ်ခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) တာဝန်ရှိသူတွေက ပြောပါတယ်။
မနေ့ညပိုင်းက ကဒက်ကြီးကျေးရွာကို ရွာအနီး ပန္ဒဲကျေးရွာက ပျူစောထီးအဖွဲ့ဝင်တွေ၊ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီတပ်သားတွေ ပါဝင်တဲ့ လူ ၁၅ ယောက်ခန့် ရုတ်တရက်ရောက်လာပြီး အသက် ၆၀ ကျော်အရွယ်တွေဖြစ်ကြတဲ့ ဦးသောင်း ဝင်းနဲ့ ဒေါ်ဝင်းအေး(ခ) မိကြုံး တို့ ဇနီးမောင်နှံကို ပစ်သတ်ခဲ့တာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) တာဝန်ခံက RFA ကို ပြောပါတယ်။
"ရွာထဲဝင်လာပြီး အဲဒီလင်မယားနှစ်ယောက်ကို လက်ပြန်ကြိုးတုပ်ပြီး ခေါ်တာ။ လမ်းမပေါ်မှာတင် အဲဒီလင်မယားနှစ်ယောက်ကို သူတို့ ပစ်သတ်လိုက်တာဗျာ။ လက်မောင်းတံဆိပ်တွေတော့ မတွေ့လိုက်ရဘူး။ စရဖ ပါတယ်။ ပျူစောထီးတွေ ပါတယ်"
သေဆုံးသူနှစ်ဦးဟာ ဦးခေါင်း၊ ဝမ်းဗိုက်၊ ခါးနဲ့ မျက်လုံးနေရာတွေမှာ ပစ်ခတ်ခံထားရပြီး ရုပ်အလောင်းတွေကို လောလောဆယ် ထားဝယ်ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ထားရတယ်လို့ သူက ဆိုပါတယ်။
သူတို့နှစ်ဦးဟာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်ခဲ့သလို ဆန္ဒပြ လူငယ်တွေကို ထောက်ပံ့ခဲ့ဖူးသူတွေ ဖြစ်တယ်လို့လည်း အဲဒီသပိတ်ကော်မတီ တာဝန်ရှိ သူက ပြောပါတယ်။
ဇနီးမောင်နှံ နှစ်ဦးကို ပစ်သတ်ပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေဟာ ကဒက်ကြီး ကျေးရွာရှိ နေအိမ် ငါးလုံးကို ဝင်ရောက်ရှာဖွေပြီးတဲ့နောက် ငွေကြေးနဲ့ တန်ဖိုးကြီး ပစ္စည်း တွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မယူနိုင်တဲ့ အိုးအိမ်အ ဆောက်အအုံတွေကိုတော့ ရိုက်ချိုးဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေး သလို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ မွန်းလွဲပိုင်းမှာ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်ကနေ ၂၆ ရက်နေ့အထိ ၁၀ ရက်အတွင်း တနင်္သာရီတိုင်း၊ ထားဝယ် ခရိုင် လောင်းလုံးမြို့နယ်မှာ စစ်တပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေက အရပ်သား ရှစ်ယောက် ကို ပစ်ခတ်ခဲ့တဲ့အတွက် ခြောက်ယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရခဲ့ရတယ်လို့ လည်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) က ထုတ်ပြန်ထား ပါတယ်။