NLD အစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အဂတိအမှုနဲ့ တရားစွဲခံထားရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းကို စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်လိုက်ပါတယ်။

NLD အစိုးရ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းကို ၂၀၁၉၊ အောက်တိုဘာ ၁၆ ရက်နေ့က တွေ့ရစဉ် Photo: Agri Digit News

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းကို စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်လိုက်ပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လရောင်တောစီမံကိန်းမှာ အဆောက်အအုံတွေ ဆောက်လုပ်ဖို့အတွက် မြန်မာ့ သစ်လုပ်ငန်းကနေ ကျွန်းသစ်နဲ့ တခြား သစ်အမျိုးအစား တန်ပေါင်း နှစ်ရာနီးပါး လျှောက်ထားဝယ်ယူရာမှာ နိုင်ငံတော်က ကျပ်ငွေ သန်း ၁၀၀ ကျော် ဆုံးရှုံးနစ်နာခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဦးအုန်းဝင်း ကို အမှုဖွင့်ထား တယ်လို့ ဒီနေ့ စစ်ကောင်စီပိုင် သတင်းစာကနေ ဖော်ပြထားပါတယ်။

ဦးအုန်းဝင်းဟာ အဲဒီစီမံကိန်းအတွက် လျှောက်ထားလာတဲ့ သစ်တွေကို သမ္မတရုံးက ညွှန်ကြားတဲ့အတိုင်း တင်ဒါစနစ်နဲ့ မရောင်းချဘဲ ကိုယ့်သဘောနဲ့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၅ နဲ့ နေပြည်တော် ဘုရားကုန်း မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဖော်ပြထားပါတယ်။

NLD အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပါအဝင် ပြည်နယ်တိုင်း ဝန်ကြီးချုပ် ကိုးဦး၊ ပြည်ထောင်စုဝန်ကြီးတွေ၊ လွှတ်တော်ဥက္ကဋ္ဌတွေ စုစုပေါင်း ၅၂ ဦးတို့ဟာ စစ်ကောင်စီကနေ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org