နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေး အိုဘားမား တောင်းဆို

မြန်မာနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ရွေးကောက်ပွဲ မတိုင်ခင် လွှတ်ပေးဖို့ အမေရိကန် သမ္မတ အိုဘားမားက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

နယူးယောက်မြို့၊ ကုလသမဂ္ဂ ဌာနချုပ်တွင် စက်တင်ဘာ ၂၃ ရက်က ကျင်းပသော ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဖွင့်ပွဲတွင် အမေရိကန်သမတ ဘာရက်ခ် အိုဘားမား မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ Waldorf Astoria Hotel မှာ သောကြာနေ့ နေ့လည်က ပြုလုပ်တဲ့ အမေရိကန်-အာဆီယံ ထိပ်သီးတွေ့ဆုံပွဲအပြီး ထွက်လာတဲ့ အမေရိကန်အစိုးရရဲ့ ထုတ်ပြန် ကြေညာချက်မှာ အခုလို ဖေါ်ပြလိုက်တာပါ။

အာဆီယံ ခေါင်းဆောင်တွေကလည်း အာဆီယံ-အမေရိကန် ညီညွတ်မှုကို ပြသတဲ့အနေနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအတွက် အမေရိကန်ရဲ့ စေ့စပ်ဆွေးနွေးရေး မူဝါဒကိုလည်း အာဆီယံခေါင်းဆောင်တွေက ကြိုဆိုလိုက်ပါတယ်။

အမေရိကန် သမ္မတနဲ့ အာဆီယံ ခေါင်းဆောင်တွေရဲ့ နှစ်နာရီကြာ တွေ့ဆုံပွဲမှာ မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းတိုးတက်ဖို့ အမေရိကန်ရဲ့ ကြိုးစားမှုတွေ မအောင်မြင်တာကိုလည်း စိတ်ပျက်မိတယ်လို့ သမ္မတ အိုဘားမားက ဝန်ခံ ပြောဆိုသွားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေ ဆောင်ရွက်ဖို့ အရေးကြီးတယ် ဆိုတဲ့အပေါ် သမ္မတ အိုဘားမားက ယုံကြည်မှု အပြည့်ရှိကြောင်း အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

ဒေသတွင်းနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှဟာ နိုင်ငံတကာအဆင့်မှာ ထိပ်တန်းခေါင်းဆောင် နေရာကို ရောက်လာနေပြီး အမေရိကန်ကလည်း အာရှရဲ့ ဦးဆောင်မှု အခန်းကဏ္ဍမှာ ရှိနေဖို့ ရည်မှန်းထားတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဒါကြောင့် အာဆီယံအပါအဝင် ဒေသတွင်း နိုင်ငံတွေနဲ့လည်း ပြန်လည် ပူးပေါင်းဆောင်ရွက်ရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ နောက်နှစ် အင်ဒိုနီးရှားမှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီး အစည်းအဝေးကိုလည်း သမ္မတအိုဘားမား တက်ရောက်မယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org