ညောင်လေးပင်ခရိုင်မှာ ဒရုန်းဗုံးနဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
KNU ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်မှာ စစ်တပ်ရဲ့ ဒရုန်းဗုံးနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရသွားတယ်လို့ KNU က အောက်တိုဘာလ ၇ ရက် မှာ ထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-10-07 -
-
-
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ် အမျိုးသမီးတစ်ဦး ဒဏ်ရာရ သွားတယ်လို့ KNU က အောက်တိုဘာလ ၇ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၃ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီရဲ့ ခမရ-၃၀၇ တပ်ရင်းက ဖြူးမြို့နယ် လှေဒုံးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို အဲဒီတပ်ရင်းကပဲ ရွာသစ်ရွာကို ဒရုန်းဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ KNU က ဖော်ပြတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် ရွာသစ်ရွာက အသက် ၅၅ နှစ်အရွယ် ဒေါ်ရင်ထွေးဟာ ဦးခေါင်းထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့ တစ်ရက်တည်းမှာပဲ ရွှေကျင်မြို့နယ် အင်းဂနီရွာအနီးမှာ စစ်ကောင်စီရဲ့ ခလရ−၅၇၊ ခမရ−၃၅၀၊ ခမရ−၃၄၉ ပူးပေါင်းတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က အင်းဂနီရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU က ပြောပါတယ်။
အဲဒီပစ်ခတ်မှုမှာတော့ အင်းဂနီရွာခံ အသက် ၂၃ နှစ်အရွယ် မအေးသီတာ လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ရာနေရာတွေထက် ပြည်သူလူထုတွေနေထိုင်ရာ ရပ်ရွာတွေနဲ့ လုပ်ကိုင် စားသောက်ရာ လုပ်ငန်းခွင်တွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ KNU က ပြောပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်လာတာ မတွေ့ရသေးပါဘူ။ စစ်ကောင်စီကတော့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မလုပ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ကာကွယ်ရေး တပ်ဖွဲ့တွေ ကူညီကယ်ဆယ်ရေးတွေလုပ်နေတဲ့ နတ်လောင်းရွာနဲ့ လေးအိမ်စုရွာတွေကို စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းချိန်ကနေ ၂ဝ၂၄ ခုနှစ် မေလအထိ ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်မှုနယ်မြေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ဆယ်သိန်းကျော် ရှိလာပြီလို့ KNU က ဇွန် ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။