ဂုဏ်သိက္ခာရှိ ရွေးကောက် ပွဲဖြစ်ရေး ပူးပေါင်းဆောင်ရွက် သွားမယ်လို့ တစည ပါတီ ပြောကြား
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတမှုရှိရေးနဲ့ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲဖြစ်ရေး အတွက် နိုင်ငံရေးပါတီတွေ၊ သတင်းမီဒီယာတွေ၊ မဲဆန္ဒ ရှင်ပြည်သူတွေနဲ့ ပူးပေါင်းဆောင် ရွက်သွားမယ်လို့ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီက ဒီကနေ့ ကျရောက်တဲ့ ပါတီ၂၇ နှစ်မြောက်နှစ်ပတ်လည်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
-
2015-09-24 -
-
-
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတမှုရှိရေးနဲ့ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲဖြစ်ရေး အတွက် နိုင်ငံရေးပါတီတွေ၊ သတင်းမီဒီယာတွေ၊ မဲဆန္ဒရှင်ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဒီကနေ့ ကျရောက်တဲ့ ပါတီ၂၇ နှစ်မြောက်နှစ်ပတ်လည်နေ့ မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၂၇ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ပါတီဗဟိုရုံးချုပ်မှာ ကျင်းပခဲ့ရာမှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဟန်ရွှေက ပါတီရဲ့ ထုတ်ပြန်ချက်ကို အခုလို ပြောပါတယ်။
"တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီသည် ၂ဝ၁၅ ခုနှစ် အထွေထွေေရွးကောက်ပွဲကြီး လွတ်လပ်မျှတ၍ ပွင့်လင်းမြင်သာမှုရှိပြီး နိုင်ငံတော်နဲ့ ပြည်သူတို့၏ ဂုဏ်သိက္ခာထည်ဝါစွာ ကျင်းပနိုင်ရေးအတွက် အစိုးရ ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ မဲဆန္ဒရှင်ပြည်သူများနဲ့အတူ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ နိုင်ငံရေးကျင့်ဝတ်များနဲ့အညီ ပူးပေါင်းဖော်ဆောင်သွားရမည် ဖြစ်ပါသည်"
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဟာ လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ကျင်းပမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၇၅၆ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ နှစ်ခုထဲသာ အဓိကယှဉ်ပြိုင်ခဲ့ရပေမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ပါ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ပိုပြီးခက်ခဲမယ်လို့လည်း ပြောပါတယ်။
၁၉၈၈ အရေးတော်ပုံကြီးအပြီးမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကနေ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှာ ပါတီဝင်အင်အား လေးသိန်း ၇သောင်းကျော်ရှိပြီး ဒီနေ့ ပြုလုပ်တဲ့ပွဲကို တစညပါတီဝင် ၁၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။