ရှမ်းမြောက်က စစ်စခန်းတွေနဲ့ မြို့ကြီးအချို့ကို သိမ်းဖို့ကျန်နေကြောင်း မြောက်ပိုင်းသုံးဖွဲ့ ထုတ်ပြန်
၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ရှမ်းမြောက်ဒေသက စစ်ကောင်စီ တပ်စခန်းတွေနဲ့ မြို့ကြီးအချို့ကို သိမ်းယူဖို့ ကျန်နေသေးတယ်လို့ မြောက်ပိုင်းညီနောင် သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-01-10 -
-
-
၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ရှမ်းမြောက်ဒေသက စစ်ကောင်စီ တပ်စခန်းတွေနဲ့ မြို့ကြီးအချို့ကို သိမ်းယူဖို့ ကျန်နေသေးတယ်လို့ မြောက်ပိုင်းညီနောင် သုံးဖွဲ့က ဒီဇင်ဘာလ ၉ ရက် မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ဒေသအတွင်းမှာလည်း ရခိုင့်တပ်တော်အနေနဲ့ သတ်မှတ်ထားတဲ့ စစ်ဆင်ရေး ပစ်မှတ်တွေကို အပြည့်အဝ ရရှိအောင် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
အခုရက်ပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်ထက် အရပ်သား ပစ်မှတ်တွေကို ဦးတည် တိုက်ခိုက်တာ ပိုများနေတယ်လို့လည်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမည်မဖော်လိုတဲ့ စစ်ရေးနဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးကတော့ မြောက်ပိုင်းသုံးဖွဲ့အနေနဲ့ ဇန်နဝါရီလ ၇ ရက်မှာ ကွတ်ခိုင်နဲ့ သိန္နီမြို့တွေကို သိမ်းပိုက်ခဲ့ပြီး မူဆယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲနဲ့ မိုးမိတ်မြို့တွေအနီးမှာ စစ်ရေးလှုပ်ရှားမှု ပိုလုပ်လာတာ တွေ့ရတယ်လို့ RFA ကို ပြောပါတယ်။
“အခု ရှမ်းမြောက်မှာက မြို့တော်တော်များများ သိမ်းခံထားရပြီးပြီးနော်။ အဲဒီတော့ စစ်ကောင်စီတပ် အင်အားနည်းတဲ့၊ ကျန်နေတဲ့မြို့တွေကို ဆက်ပြီးသိမ်းဖို့က မြောက်ပိုင်းအဖွဲ့အတွက် လွယ်သွားပြီလို့ ပြောလို့ရတယ်။ အဲဒီမြို့တွေကို ဆက်ပြီး သိမ်းပိုက်တာမျိုး ဖြစ်နိုင်တယ်”
စစ်ကောင်စီ တပ်ကတော့ လောက်ကိုင်၊ ဟိုပန်၊ ပန်လုံ၊ သိန္နီ၊ ကွတ်ခိုင်၊ မန်တုံနဲ့ နမ့်ဆန်မြို့တွေက ဆုတ်ခွာလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို လားရှိုးမှာ ပြန်စုထားပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို အဓိက ကာကွယ်မယ့် အခြေအနေမျိုး ရှိနေတယ်လို့ ရှမ်းပြည် အခြေစိုက် စစ်ရေးလေ့လာသူ တစ်ဦးက ပြောပါတယ်။
တိုက်ပွဲ အခြေအတွေဟာ အခုရက်ပိုင်း မြောက်ပိုင်းအဖွဲ့နဲ့ စစ်ကောင်စီရဲ့ ဆွေးနွေးပွဲ ရလဒ်အပေါ်မှာ မူတည်တယ်လို့လည်း ဆိုပါတယ်။
ဒီရက်ပိုင်း တိုက်ပွဲ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ရှမ်းမြောက်ဒေသမှာရှိတဲ့ မြို့နယ် (၁၅) ခုကို မြောက်ပိုင် ညီနောင်သုံးဖွဲ့က သိမ်းယူထားပါတယ်။
အဲဒီအထဲမှာ ချင်းရွှေဟော်၊ ကွမ်လုံ၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ကုန်းကြမ်း၊ သိန္နီ စတဲ့မြို့တွေကို MNDAA၊ AA နဲ့အတူ KNDF၊ PLA၊ BPLA စတဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ထားပြီး ဟိုပန်နဲ့ ပန်လုံမြို့တွေကိုတော့ UWSA “ဝ” တပ်ဖွဲ့က ထိန်းချုပ်ထားပါတယ်။
နမ့်ဆန်၊ မန်တုံစတဲ့ တအာင်းဒေသက မြို့တွေအပြင် တရုတ်နယ်စပ် နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ စတဲ့မြို့တွေကိုတော့ TNLA နဲ့ မဟာမိတ် အဖွဲ့တွေက သိမ်းယူထားပါတယ်။