မွန်ပြည်သစ်ပါတီ အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့နဲ့ မသက်ဆိုင်ကြောင်း NMSP ထုတ်ပြန်
မွန်ပြည်သစ်ပါတီ အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP- AD) ရဲ့ လုပ်ဆောင်ချက်တွေဟာ မွန်ပြည်သစ်ပါတီနဲ့ မဆိုင်ဘဲ သူသဘောနဲ့သူသာလုပ်ဆောင်နေတာဖြစ်တာကြောင့် ဆက်စပ်မှုမရှိဘူးလို့ မွန်ပြည်သစ်ပါတီက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
-
RFA Burmese
2024-05-31 -
-
-
မွန်ပြည်သစ်ပါတီ အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP- AD) ရဲ့ လုပ်ဆောင်ချက်တွေဟာ မွန်ပြည်သစ်ပါတီနဲ့ မဆိုင်ဘဲ သူသဘောနဲ့သူသာလုပ်ဆောင်နေတာဖြစ်တာကြောင့် ဆက်စပ်မှုမရှိဘူးလို့ မွန်ပြည်သစ်ပါတီက မေလ ၃၁ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
မွန်ပြည်သစ်ပါတီ(အေဒီ)ကို ပေါင်းစည်းဖို့ကြိုးစားပေမဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေကြောင့် အခုလို ကြေညာလိုက်ရတာလို့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင် နိုင်အောင်မငေးက RFA ကို ပြောပါတယ်။
"မွန်ပြည်သစ်ပါတီ - အေဒီအပေါ်မှာ ကျွန်တော်တို့က အချိန်ယူပြီးတော့ ဆွဲခေါ်တယ်၊ စည်းရုံးတယ်၊ ပြန်လည်ပေါင်းစည်းဖို့အတွက် လုပ်တယ်၊ ဒါပေမဲ့ လုပ်ဆောင်ချက်တွေက တစ်စနဲ့တစ်စ ပေါ်ပေါ်ထင်ထင်ရှားရှား ဖြစ်လာတယ်ဆိုတော့ ကျွန်တော်တို့အနေနဲ့ ဒါနောက်ဆုံးပေါ့နော်၊ ဒီလို ထုတ်ပြန်ကြေညာချက်ကို ထုတ်ရခြင်း ဖြစ်ပါတယ်။ ဒါနောက်ဆုံးပေါ့ ဒါပေမဲ့လည်း ပြန်လာဖို့အတွက် အမြဲတမ်းတံခါးဖွင့်ထားပါတယ်"
ပါတီအတွင်း စည်းလုံးမှုမပြိုကွဲဖို့၊ ဒေသတွင်း တည်ငြိမ်ဖို့နဲ့ လုံခြုံရေးတည်ဆောက်ဖို့၊ ဒေသခံ ရဟန်းရှင်လူတွေ နှလုံးစိတ်ဝမ်းအေးချမ်းဖို့ကို ရှေးရှုပြီး ပေါင်းစည်းရေး ကြိုးပမ်းခဲ့ပေမဲ့ မွန်ပြည်သစ်ပါတီ(အေဒီ)ရဲ့ နိုင်ငံရေး၊ စစ်ရေး ကဏ္ဍတွေမှာ သဘောထားအမြင်တွေ ကွဲလွဲတာကြောင့် ပေါင်းစည်းရေးဟာ မှေးမှိန်လာတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) အဖွဲ့ကတော့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ဆက်မလုပ်တော့ဘဲ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ကြေညာခဲ့ပါတယ်။
လက်ရှိမှာလည်း မွန်ပြည်နယ်နဲ့ မွန်ကရင်နယ်စပ်မှာ တော်လှန်ရေးအဖွဲ့အစည်းတွေပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
မွန်ပြည်သစ်ပါတီကတော့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းအတိုင်း ဆက်သွားမယ်လို့ နိုင်အောင်မငေးက ပြောပါတယ်။
"ကျွန်တော်အနေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပဲ ဆက်သွားမယ်၊ ရှိရင်စွဲ တပ်နဲ့ ပါတီနဲ့ ရှိတဲ့နယ်မြေမှာ ပကတိအတိုင်း လျှောက်လှမ်းသွားမယ်"
မွန်ပြည်သစ်ပါတီရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ရဲ့ သဘောထားသိရဖို့ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
မွန်ပြည်သစ်ပါတီဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။
မွန်ပြည်သစ်ပါတီကို ၁၉၅၈ ခုနှစ်ကတည်းက ဥက္ကဋ္ဌ နိုင်ရွှေကျင်က စတင်ထူထောင်ခဲ့တာဖြစ်ပြီး ဗဟိုဦးစီးစနစ်နဲ့ အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ၁၉၈၉ ခုနှစ်ကစပြီး လေးနှစ်တစ်ကြိမ် ဗဟိုညီလာခံကျင်းပရွေးချယ်ခဲ့ပြီး လက်ရှိ ဥက္ကဋ္ဌ နိုင်ဟံသာက ငါးယောက်မြောက်ဥက္ကဋ္ဌ ဖြစ်ပါတယ်။
မွန်ပြည်သစ်ပါတီမှာ လက်နက်ကိုင်စစ်သည် ၈၀၀၊ အရန်အင်အား နှစ်ထောင် ရှိမယ်လို့ နိုင်ငံတကာ မြန်မာ သတင်းအဖွဲ့ BNI က ၂၀၁၉ ဧပြီလမှာ ထုတ်ဝေတဲ့ ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု အစီရင်ခံစာမှာ ခန့်မှန်းဖော်ပြထားပါတယ်။