နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ဖို့ အလားအလာနည်းကြောင်း မွန်ပြည်သစ်ပါတီပြော

နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာဖို့ အလားအလာ နည်းနေသလို အာဆီယံ ဘုံ သဘောတူညီမှု ငါးချက်ကိုလည်း စစ်ကောင်စီက အကောင်အထည် မဖော်နိုင်သေးတာတွေ့ရတယ်လို့ NMSP က ပြောပါတယ်။

၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို မွန်ပြည်သစ်ပါတီဌာနချုပ် ရေးချောင်းဖျားဒေသမှာ ၂ဝ၁၈၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ကျင်းပခဲ့စဉ်

လက်ရှိမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာဖို့ အလားအလာနည်းနေသလို စစ်ကောင်စီက အာဆီယံ ဘုံသဘောတူညီမှု ငါးချက်ကိုလည်း အကောင်အထည် မဖော်နိုင်သေးတာ တွေ့ရတယ်လို့ မွန်ပြည်သစ်ပါတီ (NMSP) က ဒီနေ့ပြောပါတယ်။

ဒီနေ့မှာကျရောက်တဲ့ ၇၅ နှစ်မြောက် မွန်အမျိုးသားနေ့အတွက် မွန်ပြည်သစ်ပါတီရဲ့ ထုတ်ပြန်ချက်မှာ အခုလိုထည့်သွင်းပြောဆိုလိုက်တာပါ။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ အင်အားသုံး ဖြေရှင်းခဲ့တာကြောင့် ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့ လူငယ်တွေရဲ့ အနာဂတ်လည်း ပျောက်ဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

မွန်ပြည်သစ်ပါတီ (NMSP) အနေနဲ့ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်အပေါ် အခိုင်အမာ ရပ်တည်ပြီး နိုင်ငံရေးအရ အဖြေရှာဖို့ လမ်းဖွင့်ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ နိုင်ငံရေးအခင်းအကျင်းတွေကို စောင့်ကြည့်နေပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေး အတွက် ဘဝတူ တိုင်းရင်းသားတွေနဲ့ လက်တွဲကာ နည်းပေါင်းစုံနဲ့ တိုက်ပွဲဝင်သွားမယ် လို့လည်း ရေးသားထားပါတယ်။

မွန်ပြည်သစ်ပါတီ (NMSP) ဟာ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးခဲ့ ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org