ကိုယ်စားလှယ် ၃ ဦးကို ပါတီစည်းကမ်းနဲ့အညီ အရေးယူဖို့ ဆုံးဖြတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို ပါတီစည်းကမ်းချိုးဖောက်တာ နဲ့ ငွေကြေးသုံးစွဲမှု စနစ်မကျတာတွေကြောင့် ပါတီစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အရေးယူဖို့ မနေ့က ကျင်းပတဲ့ ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

ရန်ကုန်မြို့ NLD ပါတီ ရုံးချုပ်မှာ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က ကျင်းပခဲ့စဉ် Photo: Phyo Min Thein - facebook

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို ပါတီစည်းကမ်းချိုးဖောက်တာနဲ့ ငွေကြေးသုံးစွဲမှု စနစ်မကျတာတွေကြောင့် ပါတီစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အရေးယူဖို့ မနေ့က ကျင်းပတဲ့ ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီအမှုတွေကို အရေးယူဖို့ စစ်ဆေးနေတယ်လို့ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာန တာဝန်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

"ကျနော်တို့ ဒီနေ့တော့ ကြာလိမ့်ဦးမယ်၊ ကျနော်တို့ ဒီမှာအမှုစစ်နေတယ်၊ မပြီးသေးဘူး၊ ကြာလိမ့်ဦးမယ် နောက်တစ်မှုရှိသေးတယ်၊ ပထမအမှုလည်း မပြီးသေးဘူး"

မနေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်က NLD ပါတီ ရုံးချုပ်မှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ကျင်းပခဲ့တာဖြစ်ပါတယ်။

ပါတီစည်းကမ်းအရ အရေးယူခံရမယ့် လွှတ်တော်ကိုယ်စားလှယ် ၃ ဦးရဲ့ အမည်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

လက်ရှိ လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာနမှာ ကိုယ်စားလှယ်တွေနဲ့ပတ်သက်ပြီး တိုင်ကြားထားတဲ့ တိုင်စာပေါင်း ၅ဝ ခန့် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

အရင်ကလည်း ပါတီစည်းမျဉ်း စည်းကမ်းနဲ့အညီ အရေးယူခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ ရှိခဲ့သလို ဝန်ကြီးချုပ်တာဝန်ကနေ နုတ်ထွက်ခဲ့သူတွေလည်း ရှိပါတယ်။ ပါတီက ပေးအပ်ထားတဲ့ တာဝန်တွေကနေ ရပ်ဆိုင်းတဲ့ အရေးယူမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး တချို့က ပါတီဝင်အဖြစ် လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေ နုတ်ထွက်တာလည်း ရှိခဲ့ပါတယ်။

ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ မတ်လ ၃ဝ ရက်နေ့က ပြင်ဆင်ဖွဲ့စည်းပြီးနောက်ပိုင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကျင်းပတာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။

လာမယ့်ဇွန်လအတွင်း ကျင်းပမယ့် ဒုတိယအကြိမ်မြောက် ပါတီညီလာခံကိုယ်စားလှယ် ရွေးချယ်ရေးကိစ္စတွေလည်း မနေ့က အစည်းအဝေးမှာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org