နေပြည်တော်ကိုဗုံးခွဲတိုက်ခိုက်မယ့်သတင်း တိုင်းရင်းသားအဖွဲ့တွေငြင်းဆို

နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံရေးနဲ့ လုံခြုံရေးဌာနက ဝန်ကြီးဌာနအသီးသီး၊ အစိုးရရုံးဌာနအသီးသီးမှာ လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ဖို့ စက်တင်ဘာ ၁၆ ရက်နေ့စွဲနဲ့ ညွှန်ကြားချက်တစ်စောင် အင်တာနက် လူမှုစာမျက်နှာတွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ပျံံံ့နှံ့ခဲ့ပါတယ်။

နေပြည်တော် မြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ် Photo: REUTERS

နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံရေးနဲ့ လုံခြုံရေးဌာနက ဝန်ကြီးဌာနအသီးသီး၊ အစိုးရရုံးဌာနအသီးသီးမှာ လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ဖို့ စက်တင်ဘာ ၁၆ ရက်နေ့စွဲနဲ့ ညွှန်ကြားချက်တစ်စောင် အင်တာနက်လူမှုစာမျက်နှာတွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ပျံံံ့နှံ့ခဲ့ပါတယ်။

အဲဒီစာမှာ ထည့်သွင်းပြောဆိုထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက နေပြည်တော်ကို ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ကိစ္စဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်တာပါ။

သမ္မတရုံးက ညွှန်ကြားချက်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၇ ရက်နေ့မှာ ထပ်ဆင့်ညွှန်ကြားချက်တွေ သက်ဆိုင်ရာ ဦးစီးဌာန ငါးခုကို ပေးပို့တဲ့စာလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက အဆောက်အဦ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော်က သမ္မတရုံးက ညွှန်ကြားစာကို ဝန်ကြီးဌာနက အကြောင်းကြားတဲ့စာ လက်ခံရရှိထားကြောင်း RFA ကို အတည်ပြုပြောဆိုထားပါတယ်။

သမ္မတရုံးက ညွှန်ကြားချက်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ညွှန်ကြားချက်တွေဟာ လျှို့ဝှက် ပေးပို့တဲ့စာတွေ ဖြစ်ပါတယ်။ လျှို့ဝှက်စာတွေ ဘာကြောင့် အင်တာနက်ပေါ် ရောက်လာလည်းဆိုတာကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်က ဝေဖန်ထားပါတယ်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက နေပြည်တော်ကို လုံခြုံရေး ဂရုတစိုက် ဆောင်ရွက်နေကြောင်းနဲ့ လျှို့ဝှက်စာပေါက်ကြားမှုဟာ လုံခြုံရေးကိစ္စအတွက် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်နိုင်တာကြောင့် ဆင်ခြင်ဖို့လိုကြောင်း RFA ကို ပြောဆိုပါတယ်။

နိုင်ငံတော် သမ္မတရုံးက သတိပေးညွှန်ကြားစာထဲမှာ ဗုံးခွဲတိုက်ခိုက်ခံရနိုင်တဲ့ နေ့ရက်တွေအဖြစ် စက်တင်ဘာလ ၁၆ ရက်၊ ၂၆ ရက်နဲ့၊ အောက်တိုဘာလ ၁၆ ရက်နေ့တွေကို ဖော်ပြထားပြီး၊ ဖောက်ခွဲမဲ့သူတွေကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့လို့ ဖော်ပြထားပါတယ်။

အဲဒီအဖွဲ့တွေထဲမှာ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်မှာလက်မှတ်ထိုးထားတဲ့ CNF ချင်းအမျိုးသားတပ်ဦးနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ ပါဝင်သလို မြောက်ပိုင်းမဟာမိတ်အဖွ့ဲထဲက AA ရက္ခိုင့်တပ်တော်နဲ့ KIA ကချင်လွတ်မြောက်ရေးအဖွဲ့ တို့ကို ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရသူကတော့ တစ်စုံတရာ မှတ်ချက်ပြုပြောဆိုတာ မရှိပါဘူး။

ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးကတော့ အခုလိုငြင်းဆိုပါတယ်။

"KNU မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကနေ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ အခြေခံအတိုင်း တစိုက်မတ်မတ် ကိုင်စွဲလာတာဖြစ်တယ်၊ ကျွန်တော်တို့ အကြမ်းဖက်ဖို့ကိစ္စမပြောနဲ့ တိုက်ပွဲတွေ ရပ်အောင်ကြိုးစားပြီးတော့ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ အဖြေရှာဖို့ ကြိုးစားနေတဲ့အတွက်ကြောင့် ကျွန်တော်တို့မှာ ပြောနိုင်တာက နံပါတ်တစ်က အကြမ်းဖက်တိုက်ခိုက်ဖို့ကိစ္စ ကျွန်တော်တို့မှာ မူဝါဒမရှိဘူး၊ နံပါတ်နှစ်က KNU ရဲ့ လက်အောက်ခံ တပ်ဖွဲ့တွေ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် ဒီလိုကိစ္စတွေလုပ်ဖို့ စဉ်းစားချက်မရှိသလို ဘယ်တော့မှလည်း လုပ်မှာမဟုတ်ပါဘူး၊ အစိုးရဘက်က NRPC ဘက်ကိုလည်း ကျွန်တော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက်တာကို ပို့ဖို့ရှိပါတယ်"

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူ ကလည်း ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ သတင်းဟာမဟုတ်မှန်ကြောင်းနဲ့ အခုလို သတင်းမှားတွေ ထွက်ပေါ်လာတာဟာ ယုံကြည်မှုတည်ဆောက်ရေးမှာ အနှောင့်အယှက်ဖြစ်စေကြောင်း ပြောပါတယ်။

"အဲဒီသတင်းကို လော်ဘီသတင်းလို့ပဲ ပြောလိုပါတယ်၊ အဲဒါမျိုးသတင်းတွေ ပြန့်တာက အချင်းချင်းကို ယုံကြည်မှုတည်ဆောက်ရေးမှာ အနှောက်အယှက်ပေးတာပေ့ါနော်၊ အဲဒါက မလုပ်သင့်တဲ့အရာလို့ ကျွန်တော်က ပြောလိုပါတယ်"

ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA က မေးမြန်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

နေပြည်တော်ကို ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ကိစ္စဟာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်မှာ သြဂုတ်လ ၃၀ ရက်နေ့က AA၊ KIA၊ CNF နဲ့ KNU အဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးပြီး သတ်မှတ်ခဲ့တာဖြစ်ကြောင်း သမ္မတရုံး တံဆိပ်နဲ့ ပျံ့နှံ့နေတဲ့စာမှာ တွေ့ရပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF က အထွေထွေအတွင်းရေးမှူး ဒေါက်တာ ရွှေခါး ပြောတာက-

"CNF က ဒီကိစ္စကို ကျွန်တော်တို့ သိလည်း မသိဘူး၊ ပါလည်းမပါဘူး နံပါတ်တစ် အချက်၊ ဒီစာမျိုးတွေက ဘယ်လိုပဲ သတင်းရရ ကျွန်တော်တို့နဲ့ သူတို့က အမြဲတမ်းတွေ့ဆုံနေကျ စကားလှမ်းပြောလို့ရတဲ့ နေရာမှာရှိတော့ ကျွန်တော်တို့ဘက်ကိုလည်း မေးသင့်တယ်၊ နောက် တတိယအနေနဲ့ ဌာနတွင်းမှာ လျှို့ဝှက်စာနဲ့ ဒါမျိုးက ဖြန့်ဝေတတ်တာမှန်ပါတယ်၊ အဲဒီဟာကို အပြင်ကို ရောက်နေတဲ့ဟာကလည်း မဟုတ်သေးဘူး၊ အဲဒါက CNF အပါအဝင် တခြားအဖွဲ့အစည်းတွေကိုများ တမင်တကာ ဂုဏ်သိက္ခာ အသရေဖျက်ဆီးအောင် လုပ်နေသလားပေ့ါ ဒီလိုပဲထင်မိတာပေါ့နော်"

သမ္မတရုံးရဲ့ စာထဲမှာ ပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သူတို့အနေနဲ့ နေပြည်တော်ကို တိုက်ခိုက်ဖို့ မရှိတဲ့အပြင် စာပါဖော်ပြချက်လို တွေ့ဆုံဆွေးနွေးခဲ့တာ မရှိကြောင်းလည်း ပြောပါတယ်ခင်ဗျာ။

(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် စုစည်းတင်ပြသည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org