လွှတ်တော် ကိုယ်စားလှယ်သစ်တွေ ကျမ်းသစ္စာ ကျိန်ဆိုကြတော့မည်

မနက်ဖြန်ကျင်းပမယ့် ဒုတိယအကြိမ်လွှတ်တော် အစည်းအဝေး ပထမနေ့မှာ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်သစ်တွေ ကျမ်းသစ္စာ ကျိန်ဆိုကြပြီး ပြည်သူ့လွှတ်တော် ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေကို ရွေးချယ်တင်မြှောက် မှာ ဖြစ်ပါတယ်။

လွှတ်တော်အစည်းအဝေး တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို တွေ့ရစဉ် Photo: Myo Thant Khaing/RFA

မနက်ဖြန် ကျင်းပမယ့် ဒုတိယအကြိမ်လွှတ်တော် အစည်းအဝေး ပထမနေ့မှာ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ် သစ်တွေ ကျမ်းသစ္စာကျိန်ဆိုကြပြီး ပြည်သူ့ လွှတ်တော် ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေကို ရွေးချယ်တင်မြှောက် မှာ ဖြစ်ပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲမှာ လက်ရှိ အစိုးရအဖွဲ့က ဒုတိယသမ္မတတွေဖြစ်တဲ့ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ဦးဉာဏ်ထွန်း တို့ အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ပါဝင်ဦးမှာ မဟုတ်ဘူးလို့ ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် လျာထားခံထားရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။

"အခုဟာက လျာထားတာဟုတ်တယ်၊ ကျမ်းသစ္စာမကျိန်ရသေးဘူး၊ ကျမ်းသစ္စာကျိန်ပြီး တရားဝင်ဖြစ်ပြီဆိုတော့မှ ဘယ်နေ့ဘာလုပ်မယ်ဆိုတာတော့ ကိုယ့်အစီအစဉ်ကိုယ်ဆွဲရမှာပေါ့၊ အခုတက်နေတဲ့သူတွေ ကျိန်ရမှာပေါ့"

အစိုးရသစ်အပြောင်းအလဲဖြစ်ပြီးမှသာ အဲ့ဒီပုဂ္ဂိုလ်တွေက လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုရမှာဖြစ် သလို လွှတ်တော်အစည်းအဝေးတွေကို လည်း တက်ရောက်ကြရမှာဖြစ်ပါတယ်။

ဒုတိယအကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွေအတွက် ပြည်သူ့လွှတ်တော်ကို ဖေဖော်ဝါရီလ ၁ ရက်၊ အမျိုးသားလွှတ်တော်ကို ဖေဖော်ဝါရီလ ၃ ရက် နဲ့ ပြည်ထောင်စု လွှတ်တော်ကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွေမှာ ကျင်းပမှာပါ။

မနက်ဖြန်ကျင်းပမယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်တို့ လည်း လေ့လာသူတွေအဖြစ် တက်ရောက်မယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် ဦးဝင်းမြင့်၊ ဒုတိယ ဥက္ကဌ အဖြစ် ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဌ အဖြစ် ဦးမန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဌအဖြစ် ဦးအေးသာအောင်တို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လျာထားခဲ့တာဖြစ်ပြီး၊ မနက်ဖြန် ပြည်သူ့လွှတ်တော်က အတည်ပြုရမှာဖြစ်ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်သစ်တွေအတွက် စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်တွေရဲ့ သဘောထား အမြင်တွေကို RFA သတင်းထောက် ကိုဘုန်းမြတ်က စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org