ကုလားတန် တံတားစီမံကိန်းနဲ့ အခက်အခဲများ
ရခိုင်ပြည်နယ် ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့တွေကို ဖြတ်ပြီး စစ်တွေမြို့ကို ဆက်သွယ်မယ့် ကစ္ဆပနဒီ (ကုလားတန်) မြစ်ကူးတံတား တည်ဆောက်ဖို့ အိန္ဒိယနိုင်ငံဘက်က စိတ်ဝင်စားမှု မရှိတော့ပေမယ့် အစိုးရဘတ်ဂျက်နဲ့ ၂၀၂၁ ခုနှစ်မှာ ဆောက်လုပ်ဖို့ စီစဉ်ထားတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
-
သီဟထွန်း
2019-11-25 -
-
-
ရခိုင်ပြည်နယ် ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့တွေကို ဖြတ်ပြီး စစ်တွေမြို့ကို ဆက်သွယ်မယ့် ကစ္ဆပနဒီ (ကုလားတန်) မြစ်ကူးတံတား တည်ဆောက်ဖို့ အိန္ဒိယနိုင်ငံဘက်က စိတ်ဝင်စားမှု မရှိတော့ပေမယ့် အစိုးရဘတ်ဂျက်နဲ့ ၂၀၂၁ ခုနှစ်မှာ ဆောက်လုပ်ဖို့ စီစဉ်ထားတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါပေမဲ့ အဲဒီစီမံကိန်းအတွက် ငွေကြေး အခက်အခဲနဲ့ လုံခြုံရေးအရ စိန်ခေါ်မှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ အစိုးရ လက်ထက် မြန်မာနိုင်ငံမှာ တာဝန်ကျတဲ့ အိန္ဒိယနိုင်ငံ သံအမတ်ကြီးက ၂၀၁၂ နဲ့ ၂၀၁၄ ခုနှစ်အတွင်း ကစ္ဆပနဒီ မြစ်ကူးတံတား တည်ဆောက်ဖို့ ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။
လက်ရှိ တည်ဆောက်နေတဲ့ စစ်တွေဆိပ်ကမ်းပြီးသွားရင် အိန္ဒိယကို မြန်မာဘက်က အဓိက တင်ပို့နေတဲ့ ပဲ ကို ရေလမ်းကြောင်းကမဟုတ်ဘဲ မကွေးမြို့ကနေ စစ်တွေမြို့ကို တဆင့်ပို့ပြီး အိန္ဒိယကို ကုန်းလမ်းခရီးနဲ့ တိုက်ရိုက်တင်ပို့ဖို့ စီစဉ်ထားပါတယ်။
ကစ္ဆပနဒီ မြစ်ကူးတံတားတည်ဆောက်ဖို့ မြစ်က နှစ်မိုင်ခန့်ကျယ်ဝန်းတဲ့အတွက် ကုန်ကျစရိတ်ကြီးမားပြီး ငွေကြေး အခက်အခဲဖြစ်နေတာကလည်း အဓိက အချက်ပါ။
တံတားတည်ဆောက်ဖို့ ငွေကျပ် သန်းပေါင်း ၈၄၀၀ ကုန်ကျမယ်လို့ မြန်မာအစိုးရဘက်က ခန့်မှန်းထားပြီး လက်ရှိ အိန္ဒိယ သံအမတ်ကြီးက တံတားတည်ဆောက်ဖို့ ဆက်လက်ဆွေးနွေးခြင်း မရှိတော့တဲ့အတွက် ၂၀၁၅-၂၀၁၆ မှာ စတင်ဆောက်လုပ်ဖို့ ကတိပေးခဲ့ပေမယ့် ကြန့်ကြာခဲ့ရပါတယ်။
အဲဒီနောက်မှာ ကမ္ဘာ့ဘဏ်၊ JICA ၊ ADB စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေထံက အကူအညီနဲ့ ဆက်လက် တည်ဆောက်ဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် နိုင်ငံတကာက အဖွဲ့တွေ နယ်မြေအခြေအနေကို ကွင်းဆင်းလေ့လာဖို့ လုံခြုံရေးအရ အခက်အခဲရှိတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်နဲ့ စစ်တွေမြို့ဟာ ၁၆ မိုင်သာ ဝေးပေမယ့် ကုန်းလမ်းခရီး မရှိတဲ့အတွက် ရေလမ်းကြောင်းကသာ ဆက်သွယ်သွားလာရပါတယ်။
ရေလမ်းကြောင်းကလည်း ရာသီဥတု အခြေအနေပေါ်မူတည်တဲ့အတွက် ကားလမ်းကြောင်းကို အများဆုံး အသုံးပြုကြပြီး ပေါက်တောကနေ စစ်တွေကိုသွားဖို့ ကျောက်တော်မြို့ကတဆင့် မိုင်တစ်ရာကျော်ခရီး သွားရပါတယ်။ ဒီတံတားအကောင်အထည်ပေါ်သွားရင် ဘင်္ဂလားဒေ့ရှ်နယ်စပ်အထိ ခရီးပေါက်နိုင်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်ကတော့ ဒါကို လိုလားကြပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ဝန်ထမ်းတွေဟာ AA အဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရတာတွေ ရှိတဲ့အတွက် ကြောက်လန့်မှုတွေရှိတယ်လို့ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။
အောက်တိုဘာလ ၂၆ ရက်နေ့ ၊ ရွှေနဒီရေယဉ်ပေါ်ကနေ AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့အထဲမှာ တံတား အင်ဂျင်နီယာတွေ ပါဝင်ပြီး အရပ်သားတချို့ကို AA အဖွဲ့က ပြန်လွှတ်ပေးလိုက်ပေမယ့် တံတားအင်ဂျင်နီယာတွေ ကိုတော့ ပြန်လွှတ်မပေးသေးပါဘူး။
နိုဝင်ဘာ ၃ ရက်နေ့ကလည်း AA အဖွဲ့က NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနဲ့ အိန္ဒိယ နိုင်ငံသားတွေ အပါဝင် ရှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာမှာ အိန္ဒိယနိုင်ငံသား တစ်ဦးကတော့ ခေါ်ဆောင်သွားချိန်မှာပဲ နှလုံးရောဂါနဲ့ သေဆုံးခဲ့ရပါတယ်။
AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ရေလမ်း၊ ကုန်းလမ်းခရီးနဲ့ သွားလာရာမှာ လုံခြုံရေး အခြေအနေအရ သူတို့ အဖွဲ့ကို သတင်းပေးပြီး သွားလာကြဖို့ RFA ကို ပြောပါတယ်။
AA အနေနဲ့ အိန္ဒိယ အစိုးရက ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းတွေကို ဆန့်ကျင်ဖို့ အကြောင်း မရှိပါဘူးလို့ RFA ရဲ့ မေးမြန်းချက်ကို ခိုင်သူခ က တုံ့ပြန်ပါတယ်။
အိန္ဒိယ အစိုးရ ဆောင်ရွက်နေတဲ့ ကုလားတန်မြစ်စီမံကိန်းတွေဟာ တိုက်ပွဲဖြစ်နေတဲ့ ဧရိယာထဲပါနေလို့ သူတို့ကို အသိပေးပြီးမှ သွားလာကြဖို့သာ ထုတ်ပြန်ရတာလို့ ဆိုပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ က ဒီစီမံကိန်းကို အိန္ဒိယနဲ့ ဆက်မလုပ်နိုင်ရင်လည်း လွှတ်တော်မှာ ဒုဝန်ကြီး ဖြေကြားခဲ့သလို ၂၀၂၁ ခုနှစ်မှာ တံတားစတင်ဖို့ လိုတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ကစ္ဆပနဒီ တံတားတည်ဆောက်ဖို့ ပြီးခဲ့တဲ့ အစိုးရလက်ထက် ၂၀၁၅ ခုနှစ်ကလည်း အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ စစ်တွေမြို့ခံတွေ တွေ့ဆုံပြီး ကတိပေး ပြောဆိုတာတွေရှိပေမယ့် အကောင်အထည် မဖော်ခဲ့တဲ့ အတွက် ၂၀၂၁ မှာ တကယ်လုပ်နိုင်ပါမလားလို့ သံသယ ဖြစ်သူတွေရှိပါတယ်။
တံတားတည်ဆောက်ရေးအတွက် ဦးဆောင်ခဲ့သူတွေထဲက တစ်ဦးဖြစ်သူ စစ်တွေမြို့ခံ ဦးသာပွင့်က အစိုးရ တစ်ရပ်ပြောင်းသွားရင် မူဝါဒ တစ်ခု လိုက်ပြီး မပြောင်းဖို့ လိုတယ်လို့ ပြောပါတယ်။
ပေါက်တောမြို့နယ်ဘက်မှာတော့ လုံခြုံရေးအရ စိုးရိမ်စရာ မရှိပါဘူးလို့ စစ်တွေမြို့ခံ တချို့က ဆိုပါတယ်။
ဆောက်လုပ်ရေး ဒုဝန်ကြီးကတော့ ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆာင်တဲ့ ဝန်ထမ်းတွေ အနေနဲ့ စိန်ခေါ်မူတွေ ၊ အခက်အခဲတွေ ရှိပေမယ့် ရခိုင်ပြည်နယ် လမ်းပမ်းဆက်သွယ်ရေးအတွက် ဆက်လက်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။