ရန်ကုန်တိုင်း အစိုးရအဖွဲ့ဆောင်ရွက်ချက်တွေ သတင်းထုတ်ပြန်ပေးဖို့ NDF ပါတီတောင်းဆို


2019.03.26
ndf-statement-622.jpg အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံသို့ အကြံပြုတိုက်တွန်းချက်ကို တွေ့ရစဉ်
Crdit: NDF

ရန်ကုန်တိုင်းအစိုးရ ဆောင်ရွက်နေတဲ့ YBS ယာဉ်လိုင်း၊ YP စက်သုံးဆီရောင်းချရေးလုပ်ငန်း၊ ရန်ကုန်မြို့သစ် စီမံကိန်းတွေနဲ့ ပတ်သက်လို့ ပြည်သူကို ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ပေးဖို့နဲ့ ဒီလုပ်ငန်းတွေနဲ့ ပတ်သက်လို့ အဂတိလိုက်စားမှုတွေရှိတယ်ဆိုပြီး တိုင်ကြားထားတာတွေကို အဂတိတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ သမာ သမတ်ကျကျ စိစစ်ပေးဖို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

NDF ပါတီရဲ့ လေ့လာထားချက်အရ အဲဒီလုပ်ငန်းတွေမှာ အဂတိလိုက်စားထားတဲ့သူတွေရှိနေတယ်ဆိုတာ သေချာတဲ့ အတွက် စိစစ်အရေးယူတာတွေလုပ်ဖို့ တိုက်တွန်းတာဖြစ်ပြီး တိုက်တွန်းချက်တွေကို ဆောင်ရွက်ခြင်း မရှိရင် ဒီထက်ပိုပြီး လှုပ်ရှားဆောင်ရွက်တာမျိုးတွေဖြစ်လာနိုင်တယ်လို့ NDF ပါတီရဲ့ ရန်ကုန်တိုင်းစည်းရုံးရေးကော် မတီ ဥက္ကဋ္ဌ ဦးကျော်ထက် က ပြောပါတယ်။

လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအစိုးရဖြစ်လာပြီးနောက်မှာ YBS ယာဉ်လိုင်း YP စက်သုံးဆီဆိုင်နဲ့ ရန်ကုန်မြို့သစ်စီမံကိန်းလုပ်ငန်းတွေကို ရန်ကုန်တိုင်းအစိုးက ဦးဆောင်ပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။

အဲဒီလုပ်ငန်းတွေကို NDF ပါတီက လူပုဂ္ဂိုလ်တွေအမည်နဲ့တကွ လေ့လာစာရင်းပြုစုထားတဲ့ အချက်အလက်တွေကို စုစည်းထားတဲ့အရ ရန်ကုန်တိုင်းအစိုးရနဲ့ အဂတိကော်မရှင်တို့က ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ပေးစေချင်တာ လို့ NDF ပါတီရဲ့ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ထက် က ပြောပါတယ်။

အဲဒီလုပ်ငန်းတွေထဲက ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုကော်မတီ YRAT လက်အောက်က YBS ယာဉ်လိုင်းရဲ့ အရှုံးပေါ်နေမှုအခြေအနေတွေ၊ YP စက်သုံးဆီဆိုင်တွေဖွင့်ခွင့်ရဖို့ မြေကွက်ချထားပေးမှုတွေ မှာလည်း တင်ဒါစည်းမျဉ်းစည်းကမ်းတွေနဲ့ ပွင့်လင်းမြင်သာမှုမရှိတာတွေ၊ ရန်ကုန်မြို့သစ်စီမံကိန်းမှာဆိုရင်လည်း အလုပ်သမား ၂ သန်းလောက်ခေါ်ယူရာမှာ တစ်သန်းလောက်က တရုတ်ပြည်ကခေါ်ယူမယ် ဆိုတာမျိုးတွေကြောင့် ရန်ကုန်မှာ တရုတ်မြို့ငယ်တစ်ခု ပေါ်ပေါက်လာနိုင်မယ့် အခြေအနေတွေရှိတယ်လို့လည်း ဦးကျော်ထက်က ပြောပါတယ်။

“YBS ဆိုရင်လည်း ဘဏ်တွေမှာ ပိုက်ဆံလွှဲပြောင်းတဲ့ကိစ္စတွေမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှာ ကြီးကြီးယူထား တဲ့သူတွေရဲ့ ဘဏ်အကောင့်တွေထဲမှာ ထည့်တယ်ပြောတယ်၊ ဒီYBS တွေဟာ ရှုံးနေတယ်ပေါ့နော်၊ ပြည်သူ လူထုက တကယ်တမ်းတော့ ကျယ်ကျယ်ပြန့်ပြန့် သေချာမသိဘူး၊ YB အတွက် 1 square feet ကို ၈ သောင်း တစ်သိန်းလောက်ပေါက်တဲ့မြေတွေကို ၂ ထောင်လောက်နဲ့ ပေးပစ်တာတွေရှိတယ်၊ တင်ဒါစည်းမျဉ်း စည်းကမ်းတွေနဲ့ ပွင့်လင်းမြင်သာမဟုတ်ပဲနဲ့ သူတို့နဲ့ပတ်သက်တဲ့ ကုမ္ပဏီတွေကို ပေးလိုက်တယ်ဆိုတာ ထင်ရှားနေတဲ့ကိစ္စရပ်တွေဖြစ်တယ်၊ မြို့သစ်စီမံကိန်းမှာလည်း ခွဲဝေမှုပုံစံတွေဟာ တရုတ်နိုင်ငံရဲ့ မြို့ငယ်တစ်ခုဖြစ်သွားနိုင်တယ်ပေါ့၊ ဦးသိမ်းဝေတို့ပြောတဲ့အချိန်မှာလည်း အလုပ်သမား ၂ သန်းလောက်မှာ ၁ သန်းလောက်က တရုတ်ကလာမယ်ဆိုတာတို့ ကျွန်တော်တို့ဘက်က ဘာမှအဆင်သင့်မရှိသေးဘူး၊ ကုန်ကြမ်းကနေစပြီးတော့ ကျန်တဲ့လိုအပ်တဲ့ အစိတ်အပိုင်းတွေက ကြိုတင်ဖန်တီးထားတဲ့အဆင့် မရှိသေးဘဲ တရုတ်ကိုဝင်ခွင့်ပြုမယ်ဆိုရင် သူတို့စိတ်ကြိုက်မြို့ငယ်တစ်ခုဖြစ်လာပြီး မရိုးရှင်းတဲ့ပုံစံမျိုးမှာတွေ့ရတယ်”

YBS လုပ်ငန်းနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိဖို့ ပြီးခဲ့တဲ့ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့ပေမယ် လာရောက်ဖြေကြားတာ့ မရှိသေးဘူးလို့ ရန်ကုန်တိုင်း ဒဂုံမြို့နယ်က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောပါတယ်။

“ကျွန်တော်တို့စာရင်းစစ်ချုပ် အစီရင်ခံစာနဲ့ ပတ်သက်လို့ YBS နဲ့ပတ်သက်လို့လည်း ဆွေးနွေးတဲ့မေးခွန်းတွေကို အစိုးရက လာမဖြေတဲ့အတွက် ပြီးခဲ့တဲ့ အဌမအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး မှာ ကျွန်တော်အပါအဝင် တချို့လည်းတင်ကြတယ် တစ်ခုမှလာမဖြေကြဘူး၊ ရန်ကုန်တိုင်းဒေသကြီး စီမံ ကိန်းကော်မတီကလည်း YP ရဲ့ လှုပ်ရှားမှုတွေကို အသေးစိတ်စောင့်ပြီးတော့ ကြည့်နေတယ်၊ ပြောရရင်တော့ ဆိုင် ၃ ဆိုင်တော့ဆောက်ပြီးသွားပြီ၊ နောက်လည်း ထပ်ပြီးတော့ ဆောက်ဖို့အလားအလာလေးတွေရှိနိုင်တာ တွေ့နေရတာပေ့ါနော်၊ တချို့သောလုပ်ငန်းရှင်များက လည်းပဲ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပတ်သက်နေတော့ ကုမ္ပဏီရုံးမှာလည်း ပတ်သက်နေတော့ အဲဒါလေးတွေ စုံစမ်းပြီးတော့ စီမံကိန်းကော်မတီကို စာလေးတွေပို့တာ တိုင်စာသဘောမျိုးနဲ့ပို့တာရှိတယ်”

၂၀၁၈ ခုနှစ်အတွင်း အဂတိလိုက်စားမှုကော်မရှင်က သက်သေခိုင်လုံပြီး အရေးယူခဲ့သူ ၄၆ ဦးရှိခဲ့တယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြီးခဲ့တဲ့ရက်ပိုင်းက ပြောကြားထားတာရှိပါတယ်။

ရန်ကုန်တိုင်းအတွင်းအစိုးရအဖွဲ့နဲ့ ပတ်သက်လို့ အဂတိလိုက်စားမှုရှိတယ်ဆိုတဲ့ တိုင်ကြားချက်တွေကို ကော်မရှင်ဘက်က စစ်ဆေးအရေးယူပေးဖို့ NDF ပါတီက တိုက်တွန်းထားပါတယ်။

အဂတိလိုက်စားမှုကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုး ကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

NDF ပါတီရဲ့ အခုလိုစွပ်စွဲထားတဲ့ ကြေညာချက်အပေါ် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဖုန်းနဲ့ အင်တာဗျူးတွေ မဖြေဆိုဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။