အားလုံးပါဝင်တဲ့ ဆွေးနွေးမှုဖြစ်လာဖို့ တိုက်တွန်းခဲ့ကြောင်း အပစ်ရပ်အဖွဲ့တွေပြော

မြန်မာ့နိုင်ငံရေးပြဿနာတွေနဲ့ ပတ်သက်လို့ ပါဝင်သင့်သူတွေအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုဖြစ်လာဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို တိုက်တွန်းခဲ့တယ်လို့ အပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့က ဇူလိုင်လ ၅ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ် Prak Sokhonn နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ နေပြည်တော်မှာ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ တွေ့ဆုံစဥ် Photo: Citizen Journalist
မြန်မာ့နိုင်ငံရေးပြဿနာတွေနဲ့ ပတ်သက်လို့ ပါဝင်သင့်သူတွေအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေး မှုဖြစ်လာဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို တိုက်တွန်းခဲ့တယ်လို့ အပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့က ဇူလိုင်လ ၅ ရက် ဒီနေ့မှာ ထုတ်ပြန် ပါတယ်။
 
အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းရဲ မြန်မာပြည်ဒုတိယအကြိမ် ခရီးစဉ်မှာ ဇွန် ၁ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး အဲဒီမှာ အခုလို တိုက်တွန်းခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
 
နိုင်ငံရေးပြဿနာ နိုင်ငံရေးအရ ဆွေးနွေးတဲ့ အခင်းအကျင်းဖြစ်ဖို့၊ ပါဝင်သင့်သူတွေ ပါဝင်ဖို့၊ အရပ်သားတွေကို ကာကွယ်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ တိုက်တွန်း ခဲ့တယ်လို့ အပစ်ရပ်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
 
ဒီတွေ့ဆုံပွဲမှာ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားငြိမ်းချမ်းရေးကောင်စီ (KNLA/PC)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ ပါဝင်ပါတယ်။
 
အာဆီယံအထူးကိုယ်စားလှယ်က ဒီခရီးစဉ်အတွင်းမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့သလို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၊ နိုင်ငံရေးပါတီ ခုနစ်ခုနဲ့ ပြင်သစ်၊ အမေရိကန်၊ ဩစတြေးလျ သံအမတ်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ညက ထုတ်ပြန်ထားပါတယ်။
 
ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရခဲ့တာ၊ ဒေါ်စုစုလွင်နဲ့ တွေ့ဆုံခွင့်မရခဲ့ တာတွေကို ကမ္ဘောဒီးယားသံရုံးက ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ပြန်ထားဖို့၊ အာဆီယံသဘောတူညီချက် ငါးချက် လိုက်နာဖို့၊ သေဒဏ်ချမှတ်ခံရသူ နှစ်ယောက်ကို မကွပ်မျက်ဖို့ စတဲ့အချက်တွေ တောင်းဆိုခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ရေးသားထားပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org