နေပြည်တော်မှာ ရေဘေးကြောင့် ဒေသခံ သုံးဦး သေဆုံး

နေပြည်တော်မှာ ရေဘေးကြောင့် အတည်ပြုနိုင်တဲ့ သေဆုံးသူ သုံးဦးရှိလာပါတယ်။

နေပြည်တော်မှ ရေဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ နေ့က တွေ့ရစဉ်။ Myanmar Fire Services Department Photo

စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်မှာ ရေဘေးကြောင့် စက်တင်ဘာ ၁၂ ရက် ဒီနေ့အထိ အတည်ပြုနိုင်တဲ့ သေဆုံးသူ သုံးဦးရှိလာကြောင်း ရေဘေးကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

တပ်ကုန်းမြို့နယ်မှာ တစ်ဦးနဲ့ လယ်ဝေးမြို့နယ်မှာ တစ်ဦးနဲ့ ပျဉ်းမနားမြို့နယ်က တစ်ဦးတို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့ကစပြီး ဆင်သေချောင်းနဲ့ ပေါင်းလောင်းမြစ်ရေ မြင့်တက်လာတာကြောင့် နေပြည်တော်က ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နဲ့ ဇမ္ဗူသီရိမြို့နယ်ထဲက ရပ်ကွက်ကျေးရွာတွေလည်း ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

တပ်ကုန်းမြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ တစ်ဦးကတော့ ရေဘေးသင့်သူတွေ များနေတာကြောင့် ကယ်ဆယ်ရေးအတွက် အင်အားမလုံမလောက်ဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။

"ကယ်ဆယ်ရေးအင်အားက တော်တော်မလုံလောက်တာ၊ ဒုက္ခရောက်တဲ့သူတွေက အများကြီးပဲ၊ လှေဆိုလည်း မလုံလောက်ဘူး၊ တကယ့် ဆိုးဆိုးဝါးဝါးပဲ၊ ကူညီဖို့က အင်အားမမျှဘူးဗျာ"

စစ်ကောင်စီကတော့ ပျဉ်းမနားမြို့နယ်ထဲ ဖြတ်သန်းစီးဆင်းနေတဲ့ ငလိုက်ချောင်း၊ ဆင်သေချောင်းနဲ့ ပေါင်းလောင်းမြစ်တို့မှာ ရေတွေမြင့်တက်နေတာကြောင့် နီးစပ်တဲ့ ကျေးရွာတွေကို ရေဘေးအန္တရာယ် သတိပြုနေထိုင်ကြဖို့ ဒီနေ့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ မီးသတ်ဦးစီးဌာန ထုတ်ပြန်ချက်နဲ့ ရေဘေးကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေရဲ့ ပြောကြားချက်တွေအရ ရာဂီမုန်တိုင်းအရှိန်နဲ့ ရေကြီးမှုဒဏ်ကြုံတွေ့နေရတဲ့ နိုင်ငံတစ်ဝန်းမှာ ဒီနေ့အထိ ရေဘေးကြောင့် သေဆုံးသူ ၂၇ ဦးရှိလာပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org