မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ပထမဆုံးအကြိမ်အမှုရင်ဆိုင်
ဇေကမ္ဘာကုမ္ပဏီက အသရေဖျက်မှုနဲ့ တရားစွဲဆိုခြင်း ခံနေရတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ဒီကနေ့ နေ့လည်က မင်္ဂလာဒုံ မြို့နယ်တရားရုံး တရားသူကြီး ဦးကိုကိုနိုင်ရဲ့ တရားခုံမှာ ပထမဆုံးအကြိမ် ရုံးရှေ့ရောက် အမှုရင်ဆိုင်ခဲ့တယ်လို့သိရှိရပါတယ်။
-
2012-08-23 -
-
-
ဦးနေမျိုးဝေရဲ့ ရှေ့နေ တစ်ဦးဖြစ်သူ ရှေ့နေများကွန်ယက်မှ ဦးသိန်းသန်းဦးက အခုလို ပြောပြပါတယ်။
"ကနေ့ကျွန်တော်တို့ကိုနေမျိုးဝေကို ရုံးရှေ့ရောက်ရပါတယ်၊ မင်္ဂလာဒုံ မြို့နယ် တရားသူကြီး ဦးကိုကိုနိုင်ရဲ့ခုံမှာ၊ တရားခွင်မှာ ကျပါတယ်။ နောက် ပြစ်မှုကြီး အမှတ် ၇၆၁/၂၀၁၂ ပေါ့ဗျာ။ အဲဒီတော့ ကျွန်တော်တို့ဒီနေ့အခု ရုံးရှေ့ကို စွပ်စွဲခံရသူ ဦးနေမျိုးဝေ ရောက်ပြီးတော့ ကျွန်တော်တို့အာမခံ လျှောက်တော့လည်း အာမခံပေးရမယ့် အမှုဖြစ်တဲ့အတွက် အာမခံပေးလိုက်ပါတယ်။ ပေးလိုက်ပြီးတော့ ကျွန်တော်တို့တရားခွင်မှာ နှစ်ဖက်ရှေ့နေ ညှိနှိုင်းပြီးတော့ နောက် ကျွန်တော်တို့၆ ရက်နေ့ စက်တင်ဘာလ ၆ ရက်နေ့ကို တရားလို စစ်ဆေးဖို့အတွက် ကျွန်တော်တို့ချိန်းလိုက်ပါတယ်"
ဒီကနေ့ရုံးချိန်းကို လယ်သမား ၁၅၀ ခန့်အပြင် ကိုဂျင်မီ၊ ကိုထွန်းမြင့်အောင်၊ မနီလာသိန်းတို့ ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ အခြားထောက်ခံသူများ စုစုပေါင်း လူ ၂၀၀ ကျော် တက်ရောက်တယ်လို့ သိရပါတယ်။
ဒီကနေ့ရုံးချိန်းကို မူလက တက်ရောက်ဖို့ စီစဉ်ထားပေမဲ့ အကြောင်းကြောင်းကြောင့် မတက်ဖြစ်ခဲ့တဲ့ ကိုမင်းကိုနိုင်က ပေးပို့တဲ့ စာလွှာကို ဦးနေမျိုးဝေက အခုလို ဖတ်ပြပါတယ်။
"ကိုနေမျိုးဝေ၊ လေးစားဂုဏ်ယူလျက်ပါဗျာတဲ့၊ ကျွန်တော်ကိုယ်တိုင် မလာတာကလွဲလို့အားလုံး ခင်ဗျားဘက်က ရှိနေတာ ယုံပါ။ အားမငယ်တတ်တဲ့ ခင်ဗျားအတွက် အားပေးဖို့မလိုဘူးနော်။ ချစ်ခင်လျှက် မင်းကိုနိုင် ဆိုတဲ့ လက်မှတ်လေးနဲ့"
အာမခံငွေ ဆယ်သိန်းအတွက် တောင်သူလယ်သမား ဦးကျော်စိန်နဲ့ ဦးကျော်မြင့်တို့က ငါးသိန်းစီ အာမခံ သွားကြတယ်လို့သိရပါတယ်။