နော်အုန်းလှကို နောက်ထပ်ထောင်ဒဏ် ၆ လ ချမှတ်

ပြစ်ဒဏ် ၄ နှစ် ၈ လချမှတ်ခံထားရပြီး သားဖြစ်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှား သူ နော်အုန်းလှကို ပုဒ်မ ၂၉၆ ဘာသာရေးနှောင့်ယှက်ဖျက်စီးမှုနဲ့ ရန်ကုန်မြို့ ဒဂုံမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှကို ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ ဒဂုံမြို့နယ်တရားရုံးမှာ တွေ့ရစဉ် Photo: Kyaw Lwin Oo/RFA

ပြစ်ဒဏ် ၄ နှစ် ၈ လချမှတ်ခံထားရပြီးသားဖြစ်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှကို ပုဒ်မ ၂၉၆ ဘာသာရေးနှောင့်ယှက်ဖျက်စီးမှုနဲ့ ရန်ကုန်မြို့ ဒဂုံမြို့နယ်တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

သူ့ကို ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေအားလုံးဟာ ရည်ရွယ်ချက်ရှိရှိနဲ့ အမိန့်ချတာဖြစ်တယ်လို့ နော်အုန်းလှ က ပြောပါတယ်။

"၂ဝ၁၃ ကျမှ အန်တီကို ဒီအမှုကိုပြပြီး တရားစွဲတာ၊ ဒီ ၂ဝဝ၈ ခုနှစ်မှာပါပြီးသား ဒီဥပဒေ က နောက်ကြောင်းပြန်လှည့်ဖို့ ရှိဖို့ဆိုတဲ့ဟာတွေ ဒါပေမဲ့ အဲ့ဒီအမှုကို အန်တီကို နောက်ကြောင်းပြန် တယ်၊ စွဲချင်တဲ့အခါကျတော့စွဲတာ တကယ်တန်းဆိုရင်တော့  ဒီလက်ရှိအခြေအနေမှာက အန်တီကို ရည်ရွယ်ချက်ရှိရှိနဲ့အမျိုးမျိုးလေ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက အန်တီတို့ အပြင်မှာမရှိဘူး ထောင်ထဲမှာပဲ ရှိခဲ့တယ်၊ ၂ဝ၁၅ ရွေးကောက်ပွဲမှာလည်း အထဲထည့်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာမျိုးလည်းဖြစ်မှာပေါ့"

လွန်ခဲ့တဲ့ ၂ဝဝ၇ ခုနှစ် မေလက ရွှေတိဂုံစေတီတော် အင်္ဂါထောင့်မှာ အဲ့ဒီအချိန်က နေအိမ်အကျယ်ချုပ် ချမှတ်ခံ ထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နော်အုန်းလှတို့ အဖွဲ့က ဆုတောင်းခဲ့တာကို ရွှေတိဂုံဂေါပကအဖွဲ့က တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

၂ဝဝ၇ ခုနှစ် မေလက အဖြစ်အပျက်ကို ၂ဝ၁၃ ခုနှစ်၊ နှစ်ကုန်ခါနီးမှာ စတင်တရားစွဲဆိုခဲ့တဲ့အတွက် နော်အုန်းလှက သူ့ကိုရည်ရွယ်ချက်ရှိရှိ တရားစွဲခဲ့တာလို့ ပြောပါတယ်။

ဒါ့အပြင် နော်အုန်းလှဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက တောင်သူဒေါ်ခင်ဝင်း သေနတ်မှန် သေဆုံး တာနဲ့ပတ်သက်ပြီး တရုတ်သံရုံးရှေ့ဆန္ဒပြမှုနဲ့ ၄ နှစ်နဲ့ ၄ လလက်ပံတောင်းတောင် ကြေးနီးစီမံကိန်းမှာ ဆန္ဒပြသူတွေ မီးလောင်ဗုံးနဲ့ ဖြိုခွဲခံရတဲ့ နှစ်ပတ်လည်နေ့ ဆန္ဒပြမှုနဲ့ ထောင်ဒဏ် ၄ လ၊ ဒီနေ့ ချမှတ်ပြစ်ဒဏ် ၆ လ စုစုပေါင်း ထောင်ဒဏ် ၅ နှစ် ၄ လ ကျခံရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သူ့ကို တရားမဝင် စီတန်းလှည့်လည်မှုပုဒ်မ ၁၈ နဲ့ အလုံ၊ ကျောက်တံတား၊ လသာမြို့နယ်တွေက အသီးသီး တရားစွဲဆိုထားတွေလည်း ရှိနေပါတယ်။ နော်အုန်းလှကတော့ သူ့ကို ပြစ်ဒဏ်ချမှတ်ထားတာတွေအတွက် အယူခံ မဝင်ဘူးလို့ ပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org