နောင်ချိုက တောင်သူတွေ အလုပ်နဲ့ထောင်ဒဏ် ၁၆ လ ချမှတ်ခံရ
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် က နိုင်ငံတော်ပိုင်ကော်ဖီစီမံကိန်း မြေနေရာမှာ မြေယာသိမ်းဆည်းခံတောင်သူတွေက ဝင်ရောက်ထွန်ယက်ခဲ့တဲ့ အတွက် တောင်သူခေါင်းဆောင် ၁၀ ဦးကို နောင်ချိုမြို့နယ် တရားရုံးက ဒီကနေ့ အလုပ်နဲ့ထောင်ဒဏ် ၁၆ လစီ ချမှတ် ခဲ့ပါတယ်။
-
2017-04-24 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်က နိုင်ငံတော်ပိုင်ကော်ဖီစီမံကိန်း မြေနေရာမှာ မြေယာသိမ်းဆည်း ခံတောင်သူတွေက ဝင်ရောက်ထွန်ယက်ခဲ့တဲ့အတွက် တောင်သူခေါင်းဆောင် ၁၀ ဦးကို နောင်ချိုမြို့နယ် တရားရုံးက ဒီကနေ့ အလုပ်နဲ့ထောင်ဒဏ် ၁၆ လစီ ချမှတ်ခဲ့ပါတယ်။
သက်ဆိုင်ရာက ကွင်းဆင်းစစ်ဆေးမှုတွေ မဆောင်ရွက်ဘဲ တောင်သူတွေကို အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ နမ့်လင်းခန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးယုံဇနီးဖြစ်သူ တောင်သူ ဒေါ်သန်းသန်းဦး က ပြောပါတယ်။
"ကျမတို့ မြေကိုလည်းပြန်ရချင်တယ် ကျမတို့လူကိုလည်း ပြန်လွှတ်ပေးစေချင်ပါတယ်၊ အမှန်တရားကိုလုပ်ပေးဖို့ ကျမပြောတာ ဒီမြေက ကျမတို့မြေ"
နမ့်လင်းခန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးယုံအပါအဝင် တောင်သူ ၁၀ ဦးကို ပိုင်နက်ကျုးလွန်မှု ၄၄၇၊ အကျိုးဖျက်ဆီး မှု ၄၂၇၊ ပုဒ်မ ၂၉၄ နဲ့ ၅၀၆ အရ ထောင်ဒဏ်ကျခံခဲ့ရတာဖြစ်ပါတယ်။
နိုင်ငံတော်စီမံကိန်းဖြစ်တဲ့ အဲဒီဘန့်ဘွေးကော်ဖီစီမံကိန်းကို ၂၀၀၃ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး တစ်နှစ်အကြာ ၂၀၀၄ ခုနှစ်မှာ ကော်ဖီပင်တွေမအောင်မြင်ခဲ့လို့ စီမံကိန်းကိုရပ်နားခဲ့ပြီး သိမ်းဆည်းထားတဲ့ မြေဧက ၃၆၀ ကျော်ကို ပုဂ္ဂလိကကို ငှါးရမ်းလုပ်ကိုင်ခွင့်ပြုထားတာဖြစ်ပါတယ်။
အဲဒီလယ်ယာမြေတွေကို သိမ်းဆည်းစဉ်ကလည်း နမ့်လင်းခန်းတောင်သူတွေကို လျော်ကြေးနစ်နာကြေးငွေ တစုံတရာ ပေးလျော်မှုမရှိခဲ့ဘူးလို့ သိမ်းဆည်းခံတောင်သူတွေက ပြောပါတယ်။
အဲဒီအတွက် မူလပိုင်ရှင်တွေဖြစ်ကြတဲ့ နမ့်လင်းခန်းကျေးရွာက တောင်သူ ၈၀ ခန့်က ထွန်တုံးတိုက်ပွဲတွေ ပြုလုပ် ခဲ့ကြတာပါ။
အဲဒါကြောင့် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာတော့ စီမံကိန်းတာဝန်ခံ ဦးစိုးသိန်းက တရားလိုပြုလုပ်ပြီး တောင်သူတွေကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ အမိန့်ချခဲ့တာနဲ့ပတ်သက်ပြီး တောင်သူတွေအနေနဲ့ အယူခံဆက်တက်သွားမယ်လို့လည်း သိရပါတယ်။