မြင်းခြံမြို့နယ် ဖုံရွာမှာ လူသုံးဦး သတ်ဖြတ်ခံရ

မြင်းခြံမြို့နယ် ဖုံရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ ဝင်ရောက် စီးနင်းပြီးနောက် ဒေသခံ အမျိုးသားသုံးဦးကို သတ်ဖြတ်သွားပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။ မင်းစစ်နိုင် ဓာတ်ပုံ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖုံရွာကို စက်တင်ဘာ ၂၅ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ ဝင်ရောက် စီးနင်းပြီးနောက် ဒေသခံ အမျိုးသားသုံးဦးကို သတ်ဖြတ်သွားတယ်လို့ မြင်းခြံမြို့ခံတွေက RFA ကို ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ အသက် သုံးဆယ်ကျော်အရွယ်တွေဖြစ်တဲ့ ကိုရဲဝင်း၊ ကိုကျော်စွာနဲ့ ကိုမျိုးဇင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းအင်အား တစ်ရာနီးပါး ပါတဲ့စစ်ကြောင်းဟာ ဖုံရွာကို တစ်နာရီကျော်အကြာ ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြင်းခြံ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဒေသခံတွေက စစ်ကြောင်းလာမယ်ဆိုတဲ့ သတင်းကြားလို့ မနက်ကတည်းက အကုန်ထွက်ပြေးနေကြတာ။ အဲဒီသုံးဦးက ရွာအခြေအနေ ပြန်ကြည့်ချိန်မှာ စစ်ကြောင်းနဲ့တိုးပြီးမှ ဖမ်းပြီးအသတ်ခံရတာပဲ။ သူတို့စစ်ကြောင်းက ရွာကမထွက်ခင်လည်း အိမ်တွေကိုမီးရှို့သွား သေးတယ်"

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်သုံးလုံးလည်း မီးလောင်ပျက်စီးပြီး ဒေသခံ တစ်ထောင်ခန့်နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။

စစ်ကြောင်းဟာ ရွာကနေ ပြန်ထွက်သွားပေမဲ့ ဒေသခံတွေကတော့ လုံခြုံရေးအခြေအနေ စိုးရိမ်တာကြောင့် ရွာကိုပြန်မဝင်သေးဘဲ အခြေအနေစောင့်ကြည့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းဟာ မြင်းခြံမြို့နယ်အတွင်းက ရွာတွေကို တစ်ရွာဝင်၊ တစ်ရွာထွက် ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့တာနဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေကို ၂၀၂၄ ခုနှစ်ကစပြီး ပိုလုပ်လာတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပက်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စက်တင်ဘာလ ၂၂ ရက်ကလည်း ချေဆေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး နှစ်ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင် တစ်ဦးအပါအဝင် နောက်ထပ်အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာ ၂၄ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သားငါးထောင်ကျော် (၅,၆၉၄) ဦး သေဆုံးပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org