မြေပုံမှာ နိုင်ငံသားဖြစ် ခွင့် လျှောက်သူတွေကို ပြည်နယ် အဆင့် စတင်စိစစ်

ရခိုင်ပြည်နယ် မြေပုံမြို့နယ်က နိုင်ငံ သားဖြစ်ခွင့် လျှောက်ထားသူတွေကို ရခိုင်ပြည်နယ်အဆင့် စိစစ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေနဲ့ စတင် စိစစ်နေပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြေပုံမြို့မှာ ၁၉၈၂ ခုနှစ် ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူတွေကို ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့က စိစစ်နေစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မြေပုံမြို့နယ်က နိုင်ငံသားဖြစ် ခွင့် လျှောက်ထားသူတွေကို ရခိုင်ပြည်နယ်အဆင့် စိစစ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေနဲ့ စတင် စိစစ်နေပြီ ဖြစ်ပါတယ်။

မြို့နယ်အဆင့် စိစစ်ရေးအဖွဲ့ကစိစစ်ပြီး သဘောထား မှတ်ချက်တွေနဲ့အတူ  တင်ပြလာတဲ့ လျှောက်လွှာတွေ ကို ပြည်နယ်အဆင့် စိစစ်ရေးအဖွဲ့က စတင်စိစစ်နေ ပြီဖြစ်ကြောင်း ပြည်နယ်အဆင့် စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက ပြောပါတယ်။

"မြို့နယ်နိုင်ငံသားစိစစ်ရေးအဖွဲ့က လူကိုယ်တိုင်ခေါ်ပြီးတော့ သူတို့စစ်တာပေါ့၊ သူတို့ပြီးပြီဆိုတာနဲ့ သူတို့ သဘောထားတွေ၊ အကြံပြုချက်တွေပါလာတယ်၊ အဲဒါတွေနဲ့ ပြည်နယ်ကိုတင်ပါတယ်၊ ပြည်နယ်ကနေပြီးတော့မှ စစ်ပါတယ်၊ ပြည်နယ်အဆင့်က လူကိုယ်တိုင်မတွေ့တော့ပဲနဲ့ စာရွက်စာတမ်း၊ မှတ်တမ်းမှတ်ရာတွေနဲ့ တိုက်ဆိုင်စစ်ဆေးပါတယ်"

မနေ့ကအထိ လျှောက်လွှာ ၁၀၀ လောက်ကို စိစစ်ပြီးဖြစ်တယ်လို့ သိရပါတယ်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေကို မြေပုံမြို့နယ်မှာ စတင်အကောင်အထည်ဖော်ရာ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ တစ်ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။ မြေပုံမြို့နယ်အပြင် တခြားမြို့နယ်တွေမှာလည်း နိုင်ငံသားဖြစ်ခွင့်လျှောက်လွှာတွေ လက်ခံပေးသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက ပြောပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ပြဿနာတွေ ကို ပြည်နယ်အစိုးရက အမြန်ဆုံးဖြေရှင်းဆောင်ရွက်သွားနိုင်အောင် တိုက်တွန်းသွားဖို့ ဒီကနေ့ ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org