ထိုင်းက မြန်မာဒုက္ခသည် ၉၆ ဦးကို မြဝတီမြို့မှာ ယာယီနေရာချထားပေးမည်
ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ အိမ်ထောင်စု ၂၆ စုက မြန်မာနိုင်ငံသား ၉၆ ဦးကို ဒီလအတွင်း ပြန်လည်ခေါ် ယူပြီး မြဝတီမြို့က လေးကေ့ကော်မြို့သစ်စီမံကိန်းမှာ ယာယီနေရာချထားပေးဖို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဦးစီးဌာနက စီစဉ်နေပါတယ်။
-
2016-10-08 -
-
-
ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ အိမ်ထောင်စု ၂၆ စုက မြန်မာနိုင်ငံသား ၉၆ ဦးကို ဒီလအတွင်း ပြန်လည်ခေါ်ယူပြီး မြဝတီမြို့က လေးကေ့ကော်မြို့သစ်စီမံကိန်းမှာ ယာယီနေရာချထားပေးဖို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနက စီစဉ်နေပါတယ်။
ယာယီနေရာချထားပေးပြီးနောက်ပိုင်း ဒုက္ခသည်တွေရဲ့ ဆန္ဒပေါ်မူတည်ပြီး နေရပ်ပြန်လိုသူတွေကို နေရပ် အထိ ပြန်လည်ပို့ဆောင်ပေးဖို့ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။
"အစ်မတို့ ခုချိန်ထိ စီစဉ်ထားတာတော့ မြဝတီမှာပဲ လွှဲပြောင်းလက်ခံမယ်။ မြဝတီမှာရှိတဲ့ ယာယီ စခန်းမှာ ယာယီပဲသူတို့ကိုထားမယ်။ သူတို့ရဲ့မူလရပ်ရွာကို ပြန်ချင်တာလား။ ဒါမှမဟုတ်ရင် ဘယ်မှာ နေချင်တာလဲ သူတို့ရဲ့ဆန္ဒကို မေးမြန်းရမယ်။ မေးမြန်းပြီးလို့ သူတို့က သူတို့ရွာတွေကို ပြန်ချင်တဲ့သူ ဆိုရင်လည်း သူတို့ရပ်ရွာကို ရောက်တဲ့အထိပေါ့ ဥပမာ ကချင်ပြည်နယ်ဆိုရင်လည်း ကချင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေက သူတို့ကို မြဝတီမှာလာခေါ်။ သူတို့ရဲ့ နေရပ်အထိ ရောက်အောင် ပြန် ပို့ပေးမယ်"
ထိုင်းနိုင်ငံကနေ နေရပ်ပြန်လာမယ့် ဒုက္ခသည်တွေဟာ အရင်က ကချင်၊ ချင်း၊ ရခိုင်၊ ဧရာဝတီ၊ မွန်၊ ကရင် စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ နေထိုင်ခဲ့ကြသူတွေဖြစ်ပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးများရုံးက တဆင့် ပြည်တွင်းပြန်လာဖို့ တင်ပြထားတာကြောင့် မြန်မာနဲ့ ထိုင်း အစိုးရတို့ ပူးပေါင်းပြီး ပြန်လည်ခေါ် ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးများရုံး UNHCR ကတဆင့် ပြည်တွင်းပြန်လာဖို့ စာရင်း ပေးသူ ၁၉ဝ ကျော်ရှိခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ဒုက္ခသည်စခန်းတွေထိ သွားရောက်စာရင်း ကောက်ခံရမှာ အမှန်တကယ်နေရပ်ပြန်လိုသူ ၉၆ ဦးသာ ရှိခဲ့တာဖြစ်ပါတယ်။
နေရပ်ပြန်လာတဲ့ ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးအတွက် နိုင်ငံခြားရေး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာချထားရေး၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား၊ ကျန်းမာရေးနဲ့ ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။