နယ်စပ် ဒုက္ခသည်တွေ မြန် မာပြည် ပြန်ခေါ်မယ်
ထိုင်းနိုင်ငံနယ်စပ်က ဒုက္ခသည်စခန်းတွေ မှာ ရောက်ရှိနေတဲ့ မြန်မာတွေကို နေရပ် ကို ပြန်လည်ခေါ်ဆောင်နိုင်ဖို့အတွက် နှစ်နိုင်ငံအစိုးရ အချင်းချင်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
-
2016-06-29 -
-
-
ထိုင်းနိုင်ငံနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိနေတဲ့ မြန်မာတွေကို နေရပ်ကိုပြန်လည် ခေါ်ဆောင်နိုင် ဖို့အတွက် နှစ်နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒုက္ခသည်တွေကို ပြည်တွင်းကို ပြန်လည်ခေါ်ဆောင်တဲ့အခါ အရင်ဆုံး အလုပ်အကိုင် အခွင့် အလမ်းတွေ ပေးနိုင်ဖို့ ဖန်တီးပေးသွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုး က ပြောပါတယ်။
"ကိုယ့်လူတွေကို ဒီဘက်ကို ပြန်ခေါ်မယ်ဆိုလို့ရှိရင် နယ်စပ်ဘက်မှာလည်း အလုပ်လုပ်ကိုင်နိုင်အောင် လုပ်ပေး ရမယ်၊ ကျောင်းတွေတည်ဆောက်ပေးရမယ်၊ ဆေးရုံတွေတည်ဆောက်ပေးရမယ်၊ နေထိုင်ဖို့ လိုအပ်တဲ့အခြေ ခံတွေ အားလုံးတည်ဆောက်ပေးမှသာ ကိုယ့်လူတွေက ပြန်ခေါ်ရင် ဒီဘက်မှာ လုပ်ကိုင်စားသောက်လို့ရ မှာပေါ့၊ ရေရှည်မှာအဆင်မပြေရင်လည်း ဟိုဘက်ပြန်သွားမှာပဲ၊ ကိုယ့်ဘက်က စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆိုင်တဲ့ လုပ်ငန်းမှန်သမျှ လုပ်ပေးရမယ်ဆိုတာ အမတို့ရဲ့ ခံယူချက် ရပ်တည်ချက်၊ အဲ့ဒါဆိုတော့ အမတို့မှာ ဝန်ကြီးဌာနတွေနဲ့ညှိပြီး တကယ်ဆောင်ရွက်ရမယ်ဆိုရင်လည်း နယ်စပ်ဒေသဖွံ့ဖြိုးရေးကိုင်မယ်၊ ပညာရေး ဝန်ကြီးဌာနပါမယ်၊ ကျန်းမာရေးပါမယ်၊ လောလောဆယ်အထိတော့ စီမံချက်ကြီးလိုတော့ မရှိသေးဘူး၊ လုပ်မှာကတော့ အဲ့ဒီဟာပဲ အမတို့ရည်မှန်းထားတာ"
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၃ ရက်ကြာ ထိုင်းခရီးစဉ်နဲ့ ပတ်သက်ပြီး ဆက်လက်ဆောင် ရွက်မယ့် လုပ်ငန်းစဉ်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလိုထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည် က ထိုင်းဝန်ကြီးချုပ် ပရာယွတ်နဲ့ ဘန်ကောက်မြို့က ပူူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဒုက္ခသည်အားလုံး တချိန်ချိန်မှာ ပြန်လာရမှာဖြစ်ကြောင်း သူတို့ပြန်လာနိုင်ဖို့ဆိုရင် အလုပ်အကိုင် နေရာထိုင်ခင်း စတာတွေ အဆင်သင့်ဖြစ်ဖို့ လိုအပ်ကြောင်း သင့်တော်တဲ့အချိန်မှာ ပြန်ခေါ်မှာဖြစ်ကြောင်း ပြောပါတယ်။
လတ်တလောမှာ နေရပ်ပြန်လိုကြောင်းကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွေထံ ဆန္ဒပြုထားတဲ့ မြန်မာဒုက္ခသည် ၂၀၀ နီးပါးရှိပြီး သူတို့ကို နေရပ်ပြန်လည်ခေါ်ဆောင်ဖို့ အတွက် မြန်မာအစိုးရဘက်က ကိုယ်စားလှယ်အဖွဲ့စေလွှတ်ပြီး နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို ဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။
ဒုက္ခသည်တွေအရေးအပြင် ထိုင်း၊ မြန်မာ နှစ်နိုင်ငံနယ်နမိတ်ကို ပြန်လည်တိုင်းတာဖို့နဲ့ ထိုင်းနိုင်ငံက ငါးဖမ်း လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့တရားမဝင်မြန်မာ လုပ်သားတွေ လူကုန်ကူးခံရမှုတွေ၊ နှိပ်စက်ခံရမှုတွေကနေ ကာကွယ်ပေးနိုင်ဖို့အတွက် တရားဝင်အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်း ရရှိရေးတွေအတွက်လည်း ဆောင်ရွက် သွားမယ်လို့ ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။