ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို မတ်လမှာကျင်းပမယ်လို့ NUCC ထုတ်ပြန်
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ဦးဆောင်ကျင်းပမယ့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၄ ခုနှစ် မတ်လမှာပြုလုပ်သွားမယ်လို့ NUCC က ဒီနေ့ထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-01-31 -
-
-
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ဦးဆောင်ကျင်းပမယ့် ဒုတိယအကြိမ် ပြည်သူ့ ညီလာခံကို ၂၀၂၄ ခုနှစ် မတ်လမှာပြုလုပ်သွားမယ်လို့ NUCC က ဖေဖော်ဝါရီလ ၁ ရက်နေ့ ဒီနေ့ထုတ်ပြန်ပါတယ်။
အာဏာသိမ်းမှု သုံးနှစ်ပြည့် ထုတ်ပြန်ချက်မှာ ပြည်သူ့ညီလာခံ ကျင်းပမယ့်အကြောင်း ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။
အဲဒီပြည်သူ့ ညီလာခံမှာ မူဝါဒ၊ မဟာဗျုဟာနဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးအတည်ပြုသွားဖို့ ရည်ရွယ်ထားတယ်လို့ ဖော်ပြထားပါတယ်။
NUCC အနေနဲ့ တော်လှန်ရေးအင်အားစု အသီးသီးနဲ့ ပိုခိုင်မာတဲ့ ဘုံနိုင်ငံရေးသဘောတူညီချက်ရဖို့ကို ဆက်ပြီးကြိုးပမ်းသွားမယ်လို့လည်း ဆိုထားပါတယ်။
၂၀၂၄ ခုနှစ်အတွင်းမှာပဲ အသွင်ကူးပြောင်းရေးကာလ အစီအမံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံးပြီးမြောက်အောင် ဆောင်ရွက်မယ်လို့လည်း NUCC ကရေးသားထားပါတယ်။
ပထမအကြိမ် ပြည်သူ့ ညီလာခံကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်ကနေ ၂၉ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။
NUCC ဟာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီ တိုးတက်ရေးပါတီ (KNPP) တို့အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့၊ ပြည်နယ်ဖက်ဒရယ်ယူနစ်အခြေပြုနဲ့ လူမျိုးအခြေပြု အတိုင်ပင်ခံကောင်စီငါးခု စတဲ့အဖွဲ့အစည်းတွေ ပါဝင်ထားပါတယ်။