တရားမဝင် မြန်မာနိုင်ငံသား အလုပ်သမားတွေကို ဖမ်းဆီးမည်


2016.09.18
thai-workers-620.jpg ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားအလုပ်သမားများကို တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

ထိုင်းနိုင်ငံမှာရှိတဲ့ တရားမဝင် မြန်မာနိုင်ငံသား အလုပ်သမားတွေကို စက်တင်ဘာလ ကနေ ဒီဇင်ဘာလအထိ စစ်ဆေးဖမ်းဆီးမယ်လို့ ထိုင်းအစိုးရ က မြန်မာအလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသူတွေကို အသိပေးလိုက်ပါတယ်။

အလုပ်သမားတွေအပြင် ပွဲစားတွေ အေဂျင်စီနာမည်တွေနဲ့ လုပ်ကိုင်နေသူတွေကိုပါ ဖမ်းဆီးမယ်လို့ အလုပ် သမားရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေကို အသိပေးတာဖြစ် တယ်လို့ AAC အဖွဲ့ဥက္ကဌ ဦးခိုင်ကြီးက ပြောပါတယ်။

"နေထိုင်ခွင့်မရှိရင် ပတ်စပို့တွေမရှိရင်၊ နေထိုင်ခွင့်ရှိပြီး work permit မရှိရင်တော့ ဖမ်းနေတာပဲ ဆိုတော့ မြန်မာပြည်ထဲကနေ အလုံးလိုက်အရင်းလိုက် ဝင်လာမှာစိုးလို့ အဲ့လိုထုတ်ပြန်တာပါ၊ အသိပေးတာ ခင်ဗျ၊ မြန်မာသံရုံးကလည်း တရားဝင်အသိ မပေးထားဘူး၊ ထိုင်း လ.ဝ.က ကလည်း တရားဝင် စာမထွက် ဘူး။ ဖမ်းမယ်ဆိုတာကို သူတို့က ကျွန်တော်တို့အစည်းအဝေးတက်ရင်းနဲ့ ပြောလိုက်တာ။ ဒါတွေက ဖမ်းတော့ မယ်နော်၊ ပွဲစားတွေကိုလည်း ဖမ်းတော့မယ်။ ထိုင်းဘက်က အေဂျင်စီတွေကိုလည်း အေဂျင်စီ နာမည်နဲ့ ကိုယ်စားလှယ်နာမည်တွေနဲ့ ပါဝါတွေပေးထားတဲ့သူတွေကို သူဌေးတူတဲ့ အလုပ်ရုံကို ပြောင်းထား ပါ။ မပြောင်းရင် အဲ့ဒီလူတွေကိုပါ ဖမ်းမယ်လို့ ကြေညာချက်ထုတ်တာပါ"

ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့နဲ့ အလုပ်သမားဦးစီးဌာတို့ ပူးပေါင်းပြီး အထူးအဖွဲ့အနေနဲ့ ရွှေ့ပြောင်းအလုပ် သမားတွေကို ဒီလကနေ ဒီဇင်ဘာလအထိ တစ်လမှာ ၅ ကြိမ် ဖမ်းဆီးစစ်ဆေးမှာဖြစ်ပါတယ်။

တရားမဝင်အလုပ်လုပ်နေတဲ့ အလုပ်သမားတွေကို ဖမ်းမိရင် အလုပ်ရှင်က ထိုင်းငွေ ၅ သောင်း၊ အလုပ်သမားက တရားမဝင်ခိုးမှုနဲ့ ထောင်ဒဏ် ၁ လခွဲကျော် ချမှတ်ခံံရမှာဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့ခံရမှာဖြစ်ပါတယ်။

တရားဝင်အလုပ်လုပ်ခွင့်ရပေမယ့် အလုပ်လုပ်ခွင့်လက်မှတ်မှာပါတဲ့ အလုပ်ရှင်နဲ့ လက်ရှိ အလုပ်ရှင်မတူတဲ့ အလုပ်သမားဆိုရင်တော့ ထောင်ဒဏ် တလခွဲကျော် နဲ့ ဘတ်ငွေ ၁၈၀၀ ဒဏ်ရိုက်ခံရမှာဖြစ်ပါတယ်။

အဲ့ဒီလိုအရေးယူမယ်ဆိုရင် ထိုင်းနိုင်ငံမှာအလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား တစ်ဝက်လောက် အဖမ်းခံရမယ့် အခြေအနေရှိနေတယ်လို့ AAC အဖွဲ့က ပြော ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။