မြန်မာကို ICC က စစ်ဆေးဖု့ိ ကုလ ကိုယ်စားလှယ် တင်ပြ
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ယန်ဟီးလီက မြန်မာပြည်မှာ ဆယ်စုနှစ်များစွာ ဖြစ်ပွားနေခဲ့တဲ့ လူ့အခွင့်ရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေ ချိုးဖေါက်မှုတွေကို ICC နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးက စုံစမ်းစစ်ဆေးဖို့ အလေးအနက် ထောက်ခံတင်ပြခဲ့ကြောင်း ကုလသမဂ္ဂရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
-
2018-06-27 -
-
-
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ယန်ဟီးလီ က မြန်မာပြည် မှာ ဆယ်စုနှစ်များစွာ ဖြစ်ပွားနေခဲ့တဲ့ လူ့အခွင့်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ ချိုးဖေါက်မှုတွေကို ICC နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးက စုံစမ်းစစ်ဆေးဖို့ အလေးအနက် ထောက်ခံတင်ပြခဲ့ကြောင်း ကုလသမဂ္ဂရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
လူ့အခွင့်အရေးကောင်စီကို ဇွန်လ ၂၇ ရက်နေ့ မနေ့က အဆိုပြုတင်ပြရာမှာ လူ့အခွင့်ချိုးေဖါက်သူတွေကို ထိထိရောက်ရောက် အရေးယူရေးဟာ မြန်မာနိုင်ငံမှာ ကာလရှည်ကြာ အဖန်တလဲလဲ ဖြစ်ပါွးနေတဲ့ အကြမ်းဖက် ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ယန်ဟီးလီ က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူမက ရခိုင်ပြည်နယ်မှာသာမက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံက အခြားနေရာဒေသတွေမှာလည်း ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားဖြစ်တည်မှု ဆန့်ကျင်တဲ့ပြစ်မှုတွေ ကျူးလွန်ခဲ့ခြင်းရှိနိုင်ကြောင်း တင်ပြခဲ့ပါတယ်။
တဆက်တည်းမှာပဲ မြန်မာပြည်က လူ့အခွင့်ရေးချိုးဖေါက်မှုတွေကို ICC လွှဲပြောင်းပေးရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တညီတညွတ် မရှိခဲ့တဲ့အတွက် စိုးရိမ်ကြောင်းပြောကြားရင်း လူ့အခွင့်အရေးကောင်စီအနေနဲ့ ဒီကိစ္စမှာ သူမရဲ့ အဆိုပြုချက်ကို ထောက်ခံဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒ့ါအပြင် ICC က အရေးယူရေးနဲ့ ပတ်သက်ပြီး အလျှင်အမြန် ဆောင်ရွက်သင့်တဲ့ လုပ်ငန်းစဉ်တရပ်ကို ယန်ဟီးလီ က ချပြခဲ့ပါတယ်။ အဲဒီ လုပ်ငန်းစဉ်မှာ အပိုင်း ၃ ပိုင်းပါဝင်ပါတယ်။ ပထမအပိုင်းမှာ လူ့အခွင့်အရေး ချိုးဖေါက်ခံ ခဲ့ရသူတွေကို တွေ့ဆုံမေးမြန်းခြင်း၊ ကုလနဲ့ တခြားအဖွဲ့အစည်းတွေက ရရှိပြီးသားဖြစ်တဲ့ အချက်အလက်တွေကို ရှာဖွေစုဆောင်းခြင်းတွေ ပါဝင်ပါတယ်။ ဒုတိယပိုင်းအဖြစ် ဥပဒေနဲ့ တရားစီရင်ရေးဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တွေက မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်ရေးချိုးဖေါက်မှု နဲ့ ဥပဒေ အလွဲသုံးစားပြုမှုတွေကို စနစ်တကျ လေ့လာစစ်ဆေးဖို့ဖြစ်ပြီး တတိယအပိုင်းမှာတော့ လူ့အခွင့်အရေးချိုးဖေါက်မှုဒဏ် ခံစားခဲ့ရသူတွေဘက် က တရားဥပဒေကြောင်းအရ အရေးယူနိုင်ရေးနဲ့ သူတို့ဘဝတွေ ပြန်လည်ကောင်းမွန်ရေးအတွက် ကူညီရန် မူဘောင်တခုချမှတ်ဖို့ ဖြစ်ပါတယ်။
ယန်ဟီးလီက မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေဟာ များပြားလှကြောင်း၊ အဲဒီ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို မှတ်တမ်းတင်ထားတာတွေလည်း ရှိနေပြီဖြစ်ကြောင်းနဲ့ ဒီလို လူ့အခွင့်ရေးဖေါက်ဖျက်မှုတွေနဲ့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ ချိုးဖေါက်မှုတွေအတွက် အပြစ်ရှိသူတွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အခုအချိန်အထိ အရေးယူရန် ပျက်ကွက်ခဲ့တယ်ဆိုတာကို မိမိတို့အားလုံး ဝန်ခံရမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဂျနီဗာမြို့ကလာတဲ့ ကုလသမဂ္ဂ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။