ငလျင်ကြောင့် သေဆုံးသူ ၂၀၀၀ ကျော် ရှိလာကြောင်း စစ်ကောင်စီပြော

မြန်မာနိုင်ငံမှာ ငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ သေဆုံးသူ ၂၀၅၆ ဦးအထိ ရှိလာတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ရုပ်သံ မတ်လ ၃၁ ရက် ည ၈ နာရီသတင်းမှာ ကြေညာပါတယ်။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ အမှတ်(၇) ချည်မျှင်အထည်စက်ရုံ အဆောက်အအုံပြိုကျမှု၌ သေဆုံးခဲ့ရသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား သယ်ထုတ်လာသည်ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်။ Myanmar Fire Services Department

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ သေဆုံးသူ ၂၀၅၆ ဦးအထိ ရှိလာတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ရုပ်သံ မတ်လ ၃၁ ရက် ည ၈ နာရီသတင်းမှာ ကြေညာပါတယ်။

ဒဏ်ရာရရှိသူ ၃၉၀၀ ဦးနဲ့ ပျောက်ဆုံးသူ ၁၇၀ ဦးရှိတယ်လို့လည်း ဆိုပါတယ်။

ပြင်းထန်ငလျင်ကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနဲ့ တောင်းပိုင်းနေရာတွေ ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွားပျက်စီးခဲ့တာပါ။

ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကို ပြည်တွင်းက အဖွဲ့အစည်းတွေအပြင် ရုရှား၊ တရုတ်၊ ဘီလာရုစ်၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ UAE၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံ ကယ်ဆယ်ရေးအဖွဲ့တွေက လာရောက်ကူညီနေသလို အမေရိကန်၊ ဩစတြေးလျ၊ ဗြိတိန်၊ ဘင်္ဂလားဒေ့ရှ်စတဲ့ နိုင်ငံတွေကလည်း ငွေကြေးအကူအညီနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို ပံ့ပိုးထားတယ်လို့ စစ်ကောင်စီရဲ့ သတင်းမှာ ဖော်ပြပါတယ်။

စစ်ကောင်စီက လူအများအပြားသေဆုံးခဲ့ရတဲ့ ငလျင်ကြောင့် မတ်လ ၃၁ ရက် ဒီနေ့ကနေ လာမဲ့ ဧပြီလ ၆ နေ့ အထိ ခုနစ်ရက်တိတိကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်တွေအဖြစ် တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ လှုပ်ရှားမှုပြုလုပ်ကြဖို့လည်း ဒီကနေ့မှာ ကြေညာထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ငလျင်ကြောင့် မတ်လ ၃၁ ရက်နေ့ ညနေပိုင်းအထိ သေဆုံးသူ ဦးရေ ၂၄၁၈ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org