မြန်မာနဲ့ နယ်စပ်လုံခြုံရေးအတွက် စီစဉ်နေကြောင်း ဘင်္ဂလားဒေ့ရှ်ပြော

မြန်မာနဲ့ နယ်စပ်လုံခြုံရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ စီစဉ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြောင်း BSS News က ဒီဇင်ဘာ ၂၄ မှာ ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ရာဖီးလ် အာလမ်ကို သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။ BSS News

မြန်မာနိုင်ငံနဲ့ နယ်စပ်လုံခြုံရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ စီစဉ်နေပြီး လိုအပ်တာအားလုံး ဆောင်ရွက်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် BSS News က ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ဖော်ပြပါတယ်။

မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ မြန်မာဘက်ခြမ်းကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ AA နဲ့ ထိတွေ့ဆက်ဆံဖို့ရှိ၊ မရှိ သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းတာကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူ မိုဟာမက် ရာဖီးလ် အာလမ် (Mohammad Rafiqul Alam) က အခုလို တုံ့ပြန်ဖြေကြားခဲ့တာပါ။

နယ်စပ်တစ်လျှောက်မှာ လုံခြုံရေးအင်အားတိုးမြှင့်ဖို့ရှိ၊ မရှိ မေးမြန်းတာကိုတော့ ဒီအခြေအနေအတွက် ရက်အနည်းငယ်စောင့်ရဖို့ ရှိနေတယ်လို့ မိုဟာမက် ရာဖီးလ် အာလမ်က ပြောပါတယ်။

မကြာသေးခင်က ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ နယ်စပ်ရေးရာကိစ္စတွေအတွက် အစိုးရမဟုတ်တဲ့ AA နဲ့ ထိတွေ့ဆက်ဆံမှာ မဟုတ်တာကြောင့် နည်းလမ်းရှာဖို့ စစ်ကောင်စီဘက်ကို ပြောထားကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိတစ်ဦးက ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ပြောပါတယ်။

မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာကျန်နေတဲ့ အမှတ် (၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ - ၅) ကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၈ ရက်နေ့မှာ သိမ်းပိုက်ပြီးနောက် မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်လုံး AA ထိန်းချုပ်ထားခဲ့တာပါ။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတဲ့အထဲ မြို့နယ်ပေါင်း ၁၃ မြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန်တဲ့မြို့နယ်တွေကိုလည်း AA က သိမ်းယူဖို့ ဆက်လက်ထိုးစစ်ဆင်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org