CSO များမှ ဖိတ်စာရလျှင် လွှွတ်တော်အမတ်များ ဥက္ကဌကို တင်ပြရမည်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအနေ နဲ့ ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့အစည်းတွေ ကျင်းပတဲ့ အစည်းအဝေးတွေ အလုပ်ရုံဆွေးနွေး ပွဲတွေ၊ သင်တန်းတွေနဲ့ လေ့လာရေးခရီးစဉ်တွေကို တက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့အခါ ပြည်သူ့ လွှတ်တော်ဥက္ကဌထံ တင်ပြပြီး အတည်ပြုချက်ရယူ ကြဖို့ လွှတ်တော်ရုံးက အသိပေးကြေညာလိုက်ပါတယ်။
-
2016-07-25 -
-
-
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ပြည်တွင်း ပြည်ပ အရပ်ဘက်အဖွဲ့အစည်းတွေ ကျင်းပတဲ့ အစည်း အဝေးတွေ အလုပ်ရုံဆွေးနွေးပွဲတွေ၊ သင်တန်းတွေနဲ့ လေ့လာရေးခရီးစဉ်တွေကို တက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့ အခါ ပြည်သူ့လွှတ်တော်ဥက္ကဌထံ တင်ပြပြီး အတည်ပြုချက်ရယူကြဖို့ လွှတ်တော်ရုံးက အသိပေးကြေညာလိုက် ပါတယ်။
လွှတ်တော်ဥက္ကဌ ခွင့်မပြုရင် မသွားရတဲ့သဘောဖြစ်သွားတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းအနေနဲ့ လိုက်နာဖို့ အခက်အခဲရှိကြောင်း ရခိုင်အမျိုးသားပါတီ မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန် က ပြောပါတယ်။
"NGO, INGO အဖွဲ့အစည်းတစ်ခုခုက ကိုယ့်ပြည်တွင်းမှာပဲဖြစ်ဖြစ် ပြည်ပမှာပဲဖြစ်ဖြစ် အလုပ်ရုံဆွးနွေးပွဲ တစ်ခုရှိလို့၊ သင်တန်းတစ်ခုခုရှိလို့ သွားတက်မယ်ဆိုလို့ရှိရင် လွှတ်တော်က ခွင့်ယူပြီးသွားရမှာပေါ့၊ သွားဖို့ လိုအပ်လာလို့ရှိရင် အဲ့လိုပဲသွားရမှာပေါ့၊ အန်ကယ်တို့ဆီက လွှတ်တော်ကိုယ်စားလှယ်တွေလည်း တခြား ငြိမ်းချမ်းရေးကိစ္စတွေနဲ့ သွားနေကြတာရှိတယ်လေ၊ လွှတ်တော်ဥက္ကဌက ခွင့်မပြုလို့ သွားလို့မရတော့ဘူးဆိုရင် အဲ့အခွင့်အရေးတွေက လွှတ်တော်ဥက္ကဌက ဘယ်လောက်တာဝန်ခံနိုင်မှာလဲ၊ တစ်ဦးချင်းအနေနဲ့ကတော့ မဖြစ်နိုင်တဲ့ဟာပါ"
လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းဖြစ်စေ လွှတ်တော်ကဖွဲ့စည်းထားတဲ့ ကော်မတီတွေကိုဖြစ်စေ ဖိတ်ကြားလာမယ်ဆိုရင် ဖိတ်ကြားတဲ့ အဖွဲ့အစည်းတွေ ကို ပြည်သူ့လွှတ်တော်ဥက္ကဌထံ လိပ်မူပြီး ဖိတ်ကြားစေလိုကြောင်း ပြန်လည်ပြောကြားဖို့ လွှတ်တော်ရုံး ကြေညာချက်မှာ ညွှန်ကြားထားပါတယ်။
ဒါ့အပြင် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးခန်းမအတွင်းကို လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကိုယ်ရေးအရာရှိတွေ မဝင်ထွက်ကြဖို့လည်း ပါရှိပါတယ်။
လွှတ်တော်ကိုယ်စားလှယ်အဖြစ် အစည်းအဝေးတွေ ပြန်လည်တက်ရောက်နေကြတဲ့ ဒုတိယသမ္မတဟောင်း ဦးဉာဏ်ထွန်းနဲ့ ဝန်ကြီးဟောင်းတွေ၊ တပ်မတော်က အငြိမ်းစားယူထားတဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ ကိုယ်ရေးအရာရှိတွေ ဟာ ပြည်သူ့လွှတ်တော်ခန်းမအတွင်းကို လိုက်ပါကြတာဖြစ်ပါတယ်။