လူ ၅၀ နီးပါး အသတ်ခံခဲ့ရတဲ့ ဖရူဆိုမြို့ မိုဆိုရွာအနီးမှာ နှစ်ပတ်လည်ဆုတောင်းပွဲ ပြုလုပ်

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်ကဖြစ်ခဲ့တဲ့ အဲဒီသေဆုံးမှုအတွင်း အသက် ၁၈ နှစ်အောက် ကလေးသုံးဦး၊ Save The Children အဖွဲ့ ဝန်ထမ်းနှစ်ဦးအပါအဝင် ဒေသခံ ၄၅ ဦးနဲ့ ကရင်နီနယ်ခြားစောင့်တပ်ဖွဲ့ဝင်လေးဦး စုစုပေါင်း ၄၉ ဦး သေဆုံးခဲ့တာလို့ ကရင်နီရဲတပ်ဖွဲ့ (KSP) က အတည်ပြုထားပါတယ်။

ကယားပြည်နယ် ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီးအသတ်ခံခဲ့ရသူများအတွက် တစ်နှစ်ပြည့် နှစ်ပတ်လည်ဆုတောင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့စဉ်။ Citizen Journalist

ကယားပြည်နယ် ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီးမှာ အရပ်သား ၄၅ ဦးနဲ့ ကရင်နီနယ်ခြားစောင့် တပ်ဖွဲ့လေးဦး သတ်ဖြတ်ခံရတဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည်ဆုတောင်းပွဲကို အဲဒီနေရာမှာပဲ ဒီဇင်ဘာ ၂၃ ရက် မနေ့ညမှာ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုဆိုရွာအနီးက မီးရှို့သတ်ဖြတ်ခံရတဲ့နေရာမှာပဲ ဆုတောင်းပွဲလုပ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုဆိုရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့မီးရှို့သတ်ဖြတ်ခံရတဲ့ နေရာမှာသွားပြီးတော့ မီးထွန်းဘုရားရှိခိုးပေးတယ်ရှင့်။ ရွာခံတွေလည်းပါတယ်။ နောက်ပြီး ကာကွယ်ရေးတပ်က ရဲဘော်တချို့က လုံခြုံရေး ယူပေးခဲ့တယ်။ ဒီရက်ထဲလည်း မိသားစုဝင်တချို့ လာကြတာတွေရှိတယ်”

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်ကဖြစ်ခဲ့တဲ့ အဲဒီသေဆုံးမှုအတွင်း အသက် ၁၈ နှစ် အောက် ကလေးသုံးဦး၊ Save The Children အဖွဲ့ ဝန်ထမ်းနှစ်ဦးအပါအဝင် ဒေသခံ ၄၅ ဦးနဲ့ ကရင်နီနယ်ခြားစောင့်တပ်ဖွဲ့ဝင်လေးဦး စုစုပေါင်း ၄၉ ဦး သေဆုံးခဲ့တာလို့ ကရင်နီ ရဲတပ်ဖွဲ့ (KSP) က အတည်ပြုထားပါတယ်။

စစ်ကောင်စီဘက်ကတော့ မိုဆိုရွာဘက်မောင်းနှင်လာတဲ့ မော်တော်ယာဉ် ခုနစ်စီးကို စစ်ကောင်စီတပ်တွေက တားဆီးရာမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး PDF နဲ့ KNPP အဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာလို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၂၃ ရက် ထုတ်ပြန်ချက်တွေအရ စစ်တပ်က အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၂၆၄၁ ဦး ရှိလာပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org