ဝန်ကြီးကို ပါဏာတိပါတကံ ဟောမိလို့ သံဃာတပါး လူဝတ်လဲခံရ
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် သဗျာကျေးရွာမှာ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး ဝါဆိုသင်္ဃန်း ကပ်လှူတဲ့ပွဲမှာ ပါဏာတိပါတာကံ (သူတပါး အသက်ကိုသတ်ခြင်း) ကျူးလွန်တာနဲ့ပတ်သက်တဲ့ တရား ဟောကြားခဲ့တဲ့ ဆရာတော်တပါးကို သြဂုတ်လ (၉) ရက်နေ့က ခရိုင်အဆင့် အာဏာပိုင်တွေက သိက္ခာချ လူဝတ်လဲခိုင်းခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
-
2010-08-15 -
-
-
Your browser doesn’t support HTML5 audio
ဆရာတော်ဦးပုညဟာ သက်တော် (၂၇) နှစ်၊ ဝါတော် (၇) ဝါ ရှိတဲ့ မဲချောင်းကျေးရွာ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ (၈) ရက်နေ့က ထားဝယ်မြို့ ကဗျာကျေးရွာမှာ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိန်းရဲ့ ဝါဆိုသင်္ဃန်း ကပ်လှူတဲ့ပွဲမှာ တရားဟောမိရာက သိက္ခချ လူဝတ်လဲခံရတာ ဖြစ်တယ်လို့ ဒေသခံ သံဃာတပါးက မိန့်ပါတယ်။
“ဒီ ဦးဇင်းက တရားဟောလိုက်တာ မြတ်စွာဘုရားဟောခဲ့တဲ့ တရားထဲကပါပဲ။ ပါဏတိပါတာ ကံအကြောင်းကို ဟောရင်းကနေ၊ သူကလည်း လုပ်တာက မွေးမြူရေးနဲ့ ရေလုပ်ငန်းလေ၊ သူ့ကို သွားထိခိုက်တယ်လို့ ယူဆရတာပေါ့နော်၊ ဦးဇင်းတို့ကတော့ အနာပေါ် တုတ်ကျသွားတာပေါ့။ အကုသိုလ် လုပ်တဲ့သူကို ပါဏတိပါတာကံ တရားဟောမိတော့ ဘုန်းကြီးကို အဓမ္မ သင်္ဃန်းချွတ်ခိုင်းလိုက်တယ်လေ၊ (၉)ရက်နေ့က ဒကာကြီးရေ။ ဘုရားကြီးကျောင်းတိုက်က ဆရာတော်ပေါ့။ ဆရာတော်ကို အဓမ္မ အတင်း သူတို့ဌာနဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကနေ သိက္ခချခိုင်းတယ်
ခရိုင်အဆင့် အာဏာပိုင်တွေက မဲချောင်းရွာ ဘုန်းကြီးကျောင်းက ဆရာတော်ဦးပုည သိက္ခာချ လူထွက်ခိုင်းခဲ့တဲ့ အခြေအနေကို ဖုံးကွယ်ဖို့အတွက် မဲချောင်းကျေးရွာနေ ပြည်သူတွေနဲ့ ဘုန်းကြီးကျောင်းထဲက ကျန် သံဃာတော်တွေကို ဆရာတော်ဦးပုညကိစ္စ လာရောက် မေးမြန်းစုံစမ်းတဲ့သူကို မှတ်ထားဖို့ မှာကြားခဲ့တယ်လို့ အခု သိက္ခာချခံရတဲ့ ဆရာတော်ဦးပုညရဲ့ ဒကာတဦးက ပြောပြပါတယ်။
“(၉) ရက်နေ့၊ အဲဒီမနက် (၆) နာရီမှာ သူ့ကျောင်းကိုလာပြီးတော့ ခရိုင်အဆင့်ရှိတဲ့ ရဲမှူးတယောက်ပါတယ်။ ပြီးတော့ စရဖတို့၊ အကုန်လုံး အရပ်ဝတ်နဲ့ လာတယ်။ အဲဒါမျိုး ခေါ်ပြီးတော့ သိက္ခာ အတင်း ချခိုင်းတာပေါ့နော်။ အဲဒီကိစ္စနဲ့ လာပြီးတော့ သတင်းလာမေးတာတို့၊ ပြောတာဆိုတာ မေးတာတို့ကို လာလို့ရှိရင် အဲဒါမှတ်ထား။ တရွာလုံးကိုလည်း အစည်းအဝေး ခေါ်ပြီးတော့ ဒီကိစ္စကို သတင်းမပေါက်ကြားအောင် ဆရာတော် ခုထွက်တာလည်း သူ့ဆန္ဒနဲ့သူ ထွက်တာ၊ သူတို့နဲ့ မပတ်သက်တဲ့ ပုံစံမျိုး ရှင်းလင်းတာပေါ့နော်”
လူဝတ်အလဲခံခဲ့ရတဲ့ ဆရာတော် ဦးပုညဟာ အခုချိန်မှာ ထားဝယ်မြို့နဲ့ မိုင် (၄ဝ) လောက်ဝေးတဲ့ ဇာတိရွာဖြစ်တဲ့ ရဘဲကျေးရွာကို ပြန်ရောက်နေပြီလို့ သိရပါတယ်။ အခုလို ကျောင်းထိုင်ဆရာတော်တပါး တရားဟောရုံနဲ့ သိက္ခာချ လူထွက်ရတဲ့ ကိစ္စကို ထားဝယ်မြို့က စာသင်သား သံဃာတော်တွေက သာသနာရေး ဝန်ကြီးဌာနကို စာရေးသား အသိပေးဖို့ စီစဉ်နေတယ်လို့ စောစောက ဒေသခံ သံဃာတော်ကပဲ ဆက်မိန့်ပါတယ်။
မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး ဗိုလ်မှူးချုပ်မောင်မောင်သိန်းဟာ စစ်ဘက်တာဝန်ကနေ အနားယူထားတဲ့ အရပ်သားတဖြစ်လဲ ဝန်ကြီး ဦးမောင်မောင်သိန်း ဖြစ်ပါတယ်။ တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သတင်းတွေ ထွက်နေသလို အဲဒီဒေသတွင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအတွက် မဲဆွယ်စည်းရုံးတာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ဒီအကြောင်း အာအက်ဖ်အေ သတင်းထောက် ကိုမိုးကျော် သတင်းပေးပို့ထားတာကိုလည်း အပြည့်အစုံ နားဆင်နိုင်ပါတယ်။
သတင်းပေးပိုႛခဵက်။ |
|
အသံဖိုင်ယူရန်။ |