မွန်ပြည်သူ့ညီလာခံကို မွန်နိုင်ငံရေးပါတီ နှစ်ခု ကန့်ကွက်
လာမယ့် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ စတင်ကျင်းပမယ့် မွန်ပြည်သူ့ညီလာခံ (မွန်နိုင်ငံရေး ညီလာခံ) ဟာ မွန်တစ်မျိုးသားလုံးကို ကိုယ်စားမပြုတာကြောင့် အသိအမှတ်မပြုကြောင်းနဲ့ ပါတီ ကိုယ်စားလှယ်တွေ တက်ရောက်မှာမဟုတ်ကြောင်း မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့က မနေ့က ရက်စွဲနဲ့ သီးခြားစီကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
-
2018-01-08 -
-
-
လာမယ့် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ စတင်ကျင်းပမယ့် မွန်ပြည်သူ့ညီလာခံ (မွန်နိုင်ငံရေး ညီလာခံ) ဟာ မွန် တစ်မျိုးသားလုံးကို ကိုယ်စားမပြုတာကြောင့် အသိအမှတ်မပြုကြောင်းနဲ့ ပါတီကိုယ်စားလှယ်တွေ တက်ရောက်မှာ မဟုတ်ကြောင်း မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့က မနေ့က ရက်စွဲနဲ့ သီးခြားစီ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အဲဒီညီလာခံဟာ တတိယအင်အားစုတစ်ခုက ပါတီတည်ထောင်လိုတာကြောင့် ပြုလုပ်တာဖြစ်ပြီး မွန်လူထုအားလုံး ပါဝင်တာမဟုတ်ဘဲ အစုအဖွဲ့တစ်ခုက ပြုလုပ်တာဖြစ်တာကြောင့် အသိအမှတ်မပြုဘူးလို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အတွင်းရေးမှူး နိုင်လယီတမ က ပြောပါတယ်။
"ညီလာခံက တတိယအင်အားစုက ပါတီသစ်ဖွဲ့စည်းရေးကို ဦးတည်နေတဲ့ ညီလာခံဖြစ်တဲ့အတွက် ကျနော်တို့က ဒီညီလာခံကိုတက်ဖို့ မလိုအပ်ဘူး၊ မွန်အမျိုးသားရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ အစုအဖွဲ့အားလုံး စုပေါင်းဦးဆောင် ပြီးတော့ ကမကထလုပ်တဲ့ ညီလာခံမဟုတ်ဘူး၊ တဝက်တပျက်သာကျန်ရှိနေတဲ့ ပေါင်းစည်းညှိနှိုှုင်းရေး အဖွဲ့ဝင်တွေကပဲ ဦးဆောင်ပြီးလုပ်တဲ့ညီလာခံဖြစ်တယ်၊ အဲဒါကြောင့် တမျိုးသားလုံးကို ကိုယ်စားမပြုဘူးလို့ ကျနော်တို့ခံယူထားတယ်"
မွန်တစ်မျိုးသားလုံး ညီညွတ်ရေးထက် ပြိုကွဲရေးကို ဦးတည်နေပြီး မွန်အမျိုးသားတစ်ရပ်လုံးအပေါ် ဆိုးကျိုးသာ ဖြစ်ပေါ်စေနိုင်တဲ့ မွန်နှစ်ပါတီပေါင်းစည်းမှု ညှိနှိုင်းရေးအဖွဲ့(မွန်ညီညွတ်ရေးအဖွဲ့)က ဦးဆောင်ကျင်းပမယ့် မွန်ပြည်သူ့ညီလာခံကို အသိအမှတ်မပြုဘူးလို့ မွန်အမျိုးသားပါတီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် မွန်နှစ်ပါတီပေါင်းစည်းမှု ညှိနှိုင်းရေးအဖွဲ က နှစ်ပါတီပေါင်းစည်းရေး မူလရည်ရွက်ချက်နဲ့ သွေဖယ်ကာ "မွန်အမျိုးသားညီလာခံမှာ မွန်အမျိုးသားကိုယ်စားပြု နိုင်ငံရေးပါတီတစ်ရပ် ဖွဲ့စည်းပြီး၊ လက်ရှိနိုင်ငံရေးပါတီတွေ ဖျက်သိမ်းပေးရန်"ဆိုတဲ့ အချက်ကို အကောင်အထည်ဖော်မှာကို လက်မခံနိုင်ဘူးလို့လည်း ဖော်ပြထားပါတယ်။
ညီလာခံမှာ ပေါ်ထွက်လာတဲ့ ဆုံးဖြတ်ချက်တွေဟာ မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုတယ်လို့ မခံယူကြောင်းနဲ့ အဲဒီညီလာခံကနေ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေကြောင့် မွန်တစ်မျိုးသားလုံးအပေါ် သက်ရောက်လာမယ့် အကျိုးတွေဟာ မွန်အမျိုးသားပါတီနဲ့ မသက်ဆိုင်ဘူးလို့လည်း ပါရှိပါတယ်။
အလားတူ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကလည်း မွန်ပြည်သူ့ညီလာခံ (မွန်နိုင်ငံရေးညီလာခံ) ဟာ မွန်တစ်မျိုးသားလုံးကို ကိုယ်စားမပြုတဲ့အပြင် ဒီမိုကရေစီစံနှုန်း၊ လုပ်နည်းလုပ်ဟန်တွေက သွေဖယ်နေတာကြောင့် ကိုယ်စားလှယ် စေလွှတ်တက်ရောက်မှာဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
မွန်ညီညွတ်ရေးအဖွဲ့ကို လုံးဝလက်မခံနိုင်ကြောင်းနဲ့ နှစ်ပါတီ တွေ့ဆုံဆွေးနွေးတဲ့ လမ်းကြောင်းနဲ့သာ မွန်နှစ်ပါတီ ပေါင်းစည်းညီညွတ်ရေးကို ဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
မွန်ပြည်သူ့ညီလာခံကို မွန်နှစ်ပါတီပေါင်းစည်းမှုညှိနှိုင်းရေးအဖွဲ့က ဦးဆောင်ကာ ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၄ ရက် နေ့တွေမှာ မော်လမြိုင်မြို့ သာသနာ ၂၅၀၀ ဘုန်းကြီးကျောင်းမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။