မွန်တစ်ပါတီပေါ်ထွန်းလာရေး ဆွေးနွေးမယ့် ညီလာခံ စတင်ကျင်းပ

မွန်တိုင်းရင်းသားတွေကို ကိုယ်စားပြုနိုင်တဲ့ နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွန်းလာရေးအတွက် ရည်ရွယ်ပြုလုပ်တဲ့ မွန်ပြည်သူ့ညီလာခံ(မွန်နိုင်ငံရေးညီလာခံ)ကို ဒီနေ့ မော်လမြိုင်မြို့ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းမှာ စတင်ကျင်းပခဲ့ပါတယ်။

မော်လမြိုင်မြို့ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းမှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က မွန်ပြည်သူ့ညီလာခံ ကျင်းပစဉ် Photo: Kyaw Lwin Oo/RFA

မွန်တိုင်းရင်းသားတွေကို ကိုယ်စားပြုနိုင်တဲ့ နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွန်းလာရေးအတွက် ရည်ရွယ်ပြုလုပ်တဲ့ မွန်ပြည်သူ့ညီလာခံ(မွန်နိုင်ငံရေးညီလာခံ)ကို ဒီနေ့ မော်လမြိုင်မြို့ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းမှာ စတင်ကျင်းပခဲ့ပါတယ်။

ညီလာခံမှာ ရည်ရွယ်ချက်အတိုင်း မွန်တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွက်လာရေး နဲ့ ပါတီရဲ့ အင်္ဂါရပ်တွေဟာ ဘာတွေပါဝင်မလဲဆိုတာကို ဆွေးနွေးခဲ့ကြတယ်လို့ မွန်ပြည်သူ့ညီလာခံ ကျင်းပရေးကေ်ာ မတီ ပြောရေးဆိုခွင့်ရှိသူ နိုင်စိုးအောင်က ပြောပါတယ်။

"ကျနော်တို့ ဦးတည်ထားတဲ့ ရည်ရွယ်ချက်ကတော့ မွန်ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ တစ်ခုတည်းသော မွန်နိုင်ငံရေးပါတီပေါ်ထွန်းရေးပဲလေ၊ အဲဒီတော့ ဒီနေ့လာဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေက ကျနော်တို့ မွန်ပြည်နယ်မှာရှိနေတဲ့ မြို့နယ်အသီးသီးက ကိုယ်စားလှယ်တွေ၊ နောက် ကရင်ပြည်နယ်မှာရှိနေတဲ့ ကျနော်တို့ မွန်ဒေသက ကိုယ်စားလှယ်တွေ၊ နောက်တစ်ခုက ရန်ကုန်တိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးမှာရှိနေတဲ့ ကျနော်တို့ရဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ နောက်တစ်ခု နိုင်ငံခြားမှာရှိနေတဲ့ ကျနော်တို့ နိုင်ငံခြားရောက်နေတဲ့ မွန်အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေ ဒီကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးကြတာဖြစ်ပါတယ်၊ ဆိုလိုတာက ဒီနေ့ဆွေးနွေးကြမယ့် အကြောင်းအရာတွေကတော့ မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ တစ်ခုတည်းသောပါတီဆိုတာ ဘယ်လိုပုံသဏ္ဍန်လဲ၊ ဘယ်လိုကိုယ်ထည်တွေရှိမလဲ၊ ဘယ်သူတွေ ပါဝင်သင့်မလဲ၊ ဘယ်လိုဖွဲ့စည်းသွားသင့်သလဲ၊ အချိန်ဘယ်လောက်ယူမှာလဲ နောက်ထပ်ပါဝင်လာခြင်းမရှိတဲ့ နိုင်ငံရေး ပါတီတွေအပေါ်မှာ ဘယ်လိုသဘောထားမလဲ ဒီအပေါ်မှာ အခြေခံပြီးတော့ ညီလာခံက ဆုံးဖြတ်သွားမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်"

ဒီဆွေးနွေးပွဲမှာ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းမှာရှိတဲ့ မွန်တိုင်းရင်းသားတွေ၊ နိုင်ငံရပ်ခြားမှာရှိတဲ့ မွန်တွေ အပါအဝင် လူ ၈၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီက လေ့လာသူအဖြစ် တက်ရောက်ခဲ့သလို မွန်နိုင်ငံရေးပါတီနှစ်ခုဖြစ်တဲ့ မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ကိုယ်စားလှယ်တွေကတော့ တက်ရောက်လာခြင်း မရှိပါဘူး။

မွန်အမျိုးသားပါတီ တွဲဘက်အတွင်းရေးမှူးလည်းဖြစ် မွန်ပြည်နယ်အစိုးရအဖွဲ့ သစ်တောသယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းကတော့ ဖိတ်ကြားချက်အရ တစ်သီးပုဂ္ဂလအနေနဲ့ တက်ရောက်တာ လို့ ပြောပါတယ်။

ဒီနေ့ ညီလာခံမှာ မွန်သံဃာတော်တွေအဖွဲ့၊ မွန်အရပ်ဖက်လူမှုအဖွဲ့အစည်း အစုအဖွဲ့၊ မွန်လူငယ်အဖွဲ့၊ မွန်အမျိုးသမီး အဖွဲ့၊ မွန်စာပေယဉ်ကျေးမှုအဖွဲ့တွေ စတဲ့ အဖွဲ ၁၁ ဖွဲ့က စာတမ်းတွေဖတ်ကြားခဲ့ပြီး မွန်ကိုယ်စားပြုမယ့် နိုင်ငံရေး ပါတီဆိုတာ ဘယ်လိုပုံစံ၊ ဘယ်သူတွေပါမလဲ စတဲ့အချက်တွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org