မီဇိုရမ်မှာ မြန်မာကိုပို့မယ့် ဖောက်ခွဲရေးပစ္စည်းတွေ ဖမ်းမိ

မီဇိုရမ်ပြည်နယ် မြန်မာနယ်စပ်နားမှာ ဖောက်ခွဲရေး စစ်လက်နက်ပစ္စည်း အမြောက်အများကို မီဇိုရမ်ရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါရ်နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဆက်သွယ်ထားသည့် ရိဒ်- ဇိုခေါ်ဒါရ် ဂိတ်တံတားအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ရစဉ်။ RFA

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ် မြန်မာနယ်စပ်နားမှာ ဖောက်ခွဲရေး စစ်လက်နက်ပစ္စည်း အမြောက်အများကို မီဇိုရမ်ရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့ မနက် ၄ နာရီက လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ကပ်ကားတစ်စီးကို ရပ်တန့်ရှာဖွေရာမှာ ဖောက်ခွဲရေးသုံး ယမ်းထုပ်တစ်သောင်းနီးပါးပါ သေတ္တာ ၄၈ လုံး၊ စနက်တံ ၉၄၀၀ ပါ သေတ္တာ ၉၄ လုံးနဲ့ ၁၉၀၀ မီတာနီးပါး စနက်တံကြိုး ၅ လိပ်နဲ့အတူ လူနှစ်ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ The Times of Inida သတင်းက ဖော်ပြပါတယ်။

ဖမ်းဆီးထားသူ နှစ်ဦးကို စစ်ဆေးချက်အရ ဒီဖောက်ခွဲရေးပစ္စည်းတွေဟာ မြန်မာစစ်ကောင်စီကို ဆန့်ကျန်တဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ပစ္စည်းတွေလို့ ယူဆရပြီး မြန်မာနိုင်ငံကို ပို့ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

သူတို့တွေကို ပေါက်ကွဲစေတတ်သောပစ္စည်းများ အက်ဥပဒေ ၁၉၀၈ နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org