မင်းရွာအုပ်ချုပ်ရေးမှူးက ဦးလှဆွေ ကို တရားစွဲ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာ အုပ်ချုပ်ရေးမှူးက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ နဲ့အမှုဖွင့်ထားပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ ကို ရန်ကုန်မြို့မှာ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ကပြုလုပ်တဲ့ တပ်မတော်ကို ထောက်ခံကြိုဆိုပွဲမှာ တွေ့ရစဉ် Photo: Kyaw Zaw Win/ RFA

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာအုပ်ချုပ်ရေးမှူးက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ နဲ့ အမှုဖွင့်ထားပါတယ်။

ရဲတပ်ဖွဲ့က အမှုလာဖွင့်တဲ့ တရားလိုဘက်က သက်သေတွေကို စစ်ဆေးနေဆဲဖြစ်တယ်လို့ ဂန့်ဂေါမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ဝင်းထွဋ်က ပြောပါတယ်။

"မှန်ပါတယ်ခင်ဗျ။ မှန်ပါတယ်။ ဂန့်ဂေါမြို့မ ရဲစခန်းကနေ အမှုဖွင့်ထားပါတယ်ခင်ဗျ။ အခုတော့ ကျနော်တို့ တရားလိုသက်သေတွေကို စစ်ဆေးနေတုန်းပေါ့နော်။ ကျန်တာတွေကတော့ အမှုက စစ်ဆေးဆဲကာလ ဆိုတော့ ပြောလို့မရသေးပါဘူးခင်ဗျ"

ပြီးခဲ့ဲဲတဲ့ စက်တင်ဘာလ ၂၀ ရက်နေ့တုန်းက ဦးလှဆွေ က သူ့ရဲ့ Facebook စာမျက်နှာမှာ မင်းရွာနဲ့ အဲဒီနားက ရွာတချို့မှာ စုန်းအတတ် တဖက်ကမ်းခတ်သူတွေ ရှိတယ်ဆိုပြီး ရေးသားခဲ့ပါတယ်။

အဲဒီလိုရေးသားခဲ့တဲ့အတွက် ဦးလှဆွေ ကို Facebook ပေါ်ကနေ ပြန်လည်တုန့်ပြန်ရေးသားခဲ့တဲ့ မင်းရွာသူ မဇင်မာကြည် ကို ဦးလှဆွေ က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က အမှုဖွင့်ခဲ့ပါတယ်။

မင်းရွာအုပ်ချုပ်ရေးမှူး ဦးတင်မြတ် က သူတို့ရွာကို ဂုဏ်သိက္ခာကျဆင်းအောင် Facebook ပေါ်မှာ ရေးသားခဲ့တယ် ဆိုပြီး ဦးလှဆွေကို ဂန့်ဂေါမြို့နယ် ရဲစခန်းမှာ ဒီဇင်ဘာလ ၁၉ ရက်နေ့က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ပဲ ပြန်လည်အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဦးလှဆွေဟာ ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်သက်တမ်းတုန်းက ထီးလင်းမြို့နယ်၊ ဆောမြို့နယ်နဲ့ ဂန့်ဂေါမြို့နယ်ကို ကိုယ်စားပြုတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ယောက် ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org