ဦးနေမျိုးကျော် နုတ်ထွက်စာ ပါတီဌာနချုပ်ထံ မရောက်သေး

မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်ဟာ ဝန်ကြီးအဖြစ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ကြောင်းစာ ပါတီဌာနချုပ်ထံ မရောက်ရှိသေးဘူးလို့ NLD ပြန်ကြားရေးအဖွဲ့ဝင်ဖြစ်တဲ့ စာရေးဆရာ မုံရွာအောင်ရှင်က ဒီနေ့ ပြောပါတယ်။

ပါတီတာဝန်တွေကနေ ရပ်ဆိုင်းခံလိုက်ရတဲ့ မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော် ကို တွေ့ရစဉ်

မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော် ဟာ ဝန်ကြီးအဖြစ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်အဖြစ် ကနေ နုတ်ထွက်ကြောင်းစာ ပါတီဌာနချုပ်ထံ မရောက်ရှိသေးဘူးလို့ NLD ပြန်ကြားရေးအဖွဲ့ဝင်ဖြစ်တဲ့ စာရေးဆရာ မုံရွာအောင်ရှင်က ဒီနေ့ ပြောပါတယ်။

နုတ်ထွက်စာတင်လာရင်လည်း အဆင့်ဆင့် အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ရမှာဖြစ်တယ်လို့ မုံရွာအောင်ရှင် က ပြောပါတယ်။

"သူတို့ကတော့ ဒါနုတ်ထွက်စာတင်ထားပြီလို့ သူတို့ဘက်ကလည်း  အဲဒီလိုပြောတယ်။ ပါတီကနေ ပြီးတော့ အစည်းအဝေးထိုင် ဆုံးဖြတ် အဲဒါတွေရှိရမှာလေ။ ဝန်ကြီးတစ်ယောက်ရဲ့ နုတ်ထွက် စာပေါ့လေ။ အဲဒါကလည်း ဒီအတိုင်းရော့ စွန့်သွားဆိုတာမျိုးကတော့ လုပ်လို့မရဘူး။ သက်ဆိုင်ရာ အဆင့်ဆင့်  အစည်းအဝေးထိုင်ပြီးတော့မှ ဒါဆုံးဖြတ်ရမှာကိုး"

ဦးနေမျိုးကျော်ဟာ NLD ပါတီကိုယ်စားပြုပြီး မကွေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် မင်းဘူးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကနေ အရွေးချယ်ခံခဲ့ရတာဖြစ်ပြီး အရင်မကွေးတိုင်း အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ဇော် ဝန်ကြီးဌာန ပြောင်းသွားချိန်မှာ မကွေးတိုင်း လ.ဝ.က ဝန်ကြီး အဖြစ် ခန့်အပ်ခံ ခဲ့ရတာဖြစ်ပါတယ်။

သူဟာ အိမ်ထောင်ရှိတဲ့ အမျိုးသမီးတစ်ဦးနဲ့ လူမှုရေးဖောက်ပြန်မှုရှိခဲ့တယ်လို့ သြဂုတ်လကုန်ပိုင်းက လူမှုကွန်ယက် စာမျက်နှာပေါ်မှာ စွပ်စွဲမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

စက်တင်ဘာလဆန်းပိုင်းမှာတော့ ဝန်ကြီး ဦးနေမျိုးကျော်၊ သူ့ရဲ့ဇနီးနဲ့ သူနဲ့ ဖောက်ပြန်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ အမျိုးသမီးတို့ဟာ မကွေးမြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး စွပ်စွဲမှုတွေကို ငြင်းဆိုခဲ့ပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့ ၂၀၁၇ ဒီဇင်ဘာလမှာတော့ ဦးနေမျိုးကျော်ကို ပါတီရဲ့အဆင့်မြင့် တာဝန်တွေကနေ ရပ်ဆိုင်း လိုက်ပေမယ့် ဘာကြောင့် အဲဒီလို ရပ်ဆိုင်းခဲ့တယ်ဆိုတာကိုတော့ ပါတီဘက်က ထုတ်ဖော်ပြောကြားမှု မရှိပါဘူး။

ဦးနေမျိုးကျော် ဝန်ကြီးအဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီဝင်အဖြစ်တွေကနေ တစ်ပြိုင်နက်တည်း နှုတ်ထွက် ဖို့ စာတင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကာယကံရှင်နဲ့ မကွေးတိုင်းအစိုးရ အဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ် လို့ မရခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org