အာဆီယံနိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးမှုကို လိုလားတယ်လို့ စစ်ခေါင်းဆောင်ပြော
မြန်မာနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးမှုကို လိုလားတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာလ ၁၀ ရက်နေ့က ပြောပါတယ်။
-
RFA Burmese
2024-10-11 -
-
-
မြန်မာနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးမှုကို လိုလားတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာလ ၁၀ ရက်နေ့က ပြောပါတယ်။
၁၈ ကြိမ်မြောက် အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်းအဝေးကို တက်ရောက်မဲ့ အာဆီယံရေတပ်အကြီးအကဲတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် ပြောခဲ့တာပါ။ မြန်မာနိုင်ငံက အာဆီယံ ပဋိညာဉ်တွေနဲ့အညီ အာဆီယံနိုင်ငံတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်မယ်လို့လည်း သူကဆိုပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို စစ်ကောင်စီက လိုက်နာကျင့်သုံးမှု အားနည်းပြီး တိုးတက်မှုမရှိတာကြောင့် အာဆီယံနဲ့ ကမ္ကာ့ခေါင်းဆောင်တွေက မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ မြန်မာ့အရေးလေ့လာသူတွေက ပြောပါတယ်။
လက်ရှိပြုလုပ်နေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာလည်း မြန်မာပြည်တွင်းစစ် အဆုံးသတ်ရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကြိုးစားမှုတွေက လုံလောက်မှုမရှိဘူးလို့ အာဆီယံခေါင်းဆောင်တွေက ပြစ်တင်ရှုတ်ချထားတာ ရှိပါတယ်။
ဒီအခြေအနေတွေအရ စစ်ကောင်စီကို အာဆီယံက ဖယ်ကျဉ်ထားဆဲဆိုတာကို တွေ့ရတယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာဝင်နေသူ ညွှန်ကြားရေးမှူးတစ်ဦးက RFA ကိုပြောပါတယ်။
"စကစ အကြမ်းဖက်ခေါင်းဆောင်တွေကိုတော့ နိုင်ငံရေးအရ ဆက်လက်ဖယ်ကျဉ်ထားဆဲဆိုတာ မနေ့က ဆုံးဖြတ်ချက်တွေအရ တွေ့ရပါတယ်ဗျ"
လက်ရှိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ၁၈ ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးဟာလည်း အာဆီယံရဲ့ ပဋိညာဉ်အရ တစ်နိုင်ငံချင်း အလှည့်ကျင်းပရတဲ့ လုပ်ငန်းစဉ်တစ်ခုသာဖြစ်ပြီး စစ်ကောင်စီကို အရေးပေးဆက်ဆံတာမျိုး မဟုတ်ဘူးလို့လည်း သူကပြောပါတယ်။
အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်းအဝေးဟာ အခုတစ်ကြိမ်မှာ မြန်မာနိုင်ငံက ဒုတိယအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် ပြုလုပ်တာဖြစ်ပြီး ၂၀၁၅ ခုနှစ်ကလည်း ကိုးကြိမ်မြောက်အစည်းအဝေးကို အိမ်ရှင်အဖြစ် ပြုလုပ်ပါခဲ့ဖူးပါတယ်။