စစ်ကောင်စီကို ပေါင်းတိုက်ဖို့ ချင်းပြည်နယ်က လက်နက်ကိုင်တွေ မဟာမိတ်ဖွဲ့
ဒီအဖွဲ့လေးဖွဲ့ပေါင်းထားတဲ့ မဟာမိတ်အဖွဲ့ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခိုင်မာတိကျတဲ့ နိုင်ငံရေးရည်မှန်းချက်ရှိတဲ့ အဖွဲ့တွေနဲ့ လက်တွဲသွားမယ်လို့လည်း ဆိုပါတယ်။
- 2021-08-24
-
-
-
ချင်းပြည်နယ်မှာ စစ်ကောင်စီနဲ့ အဓိက တိုက်ပွဲတွေဖြစ်နေတဲ့ အဖွဲ့တွေဖြစ်တဲ့ မင်းတပ် ပြည်သူ့ကာကွယ်ရေး တပ် (CDF)၊ ကန်ပက်လက်ပြည်သူ့ကာကွယ်ရေးတပ် (CDF)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (ဖလမ်းနဲ့ ကလေး၊ကဘော်) နဲ့ ဇိုမီးဖက်ဒရယ် အစည်းအရုံး (တီးတိန်၊ တွန်းဇံ၊ ကလေး)တို့ လေးဖွဲ့ဟာ မဟာမိတ်တွေ အဖြစ် ပေါင်းစည်းလိုက်ကြောင်း ဒီနေ့ကြေညာပါတယ်။
သူတို့လေးဖွဲ့ပေါင်းပြီးတော့ စစ်အာဏာရှင် ကျဆုံးတဲ့အထိ အတူတကွ တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒီအဖွဲ့လေးဖွဲ့ပေါင်းထားတဲ့ မဟာမိတ်အဖွဲ့ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတွက် ခိုင်မာတိကျတဲ့ နိုင်ငံရေးရည်မှန်းချက်ရှိတဲ့ အဖွဲ့တွေနဲ့ လက်တွဲသွားမယ်လို့လည်း ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ချိန်ကစလို့ အာဏာသိမ်း စစ်ကောင်စီကို ပြန်လည်ခုခံ တိုက်ခိုက်ဖို့ ဒေသတော်တော်များများမှာ လူငယ်တွေဦးဆောင်ပြီး ဒေသခံခုခံကာကွယ်ရေးတပ်ဖွဲ့တွေကို ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။
ချင်းပြည်နယ်က မြို့နယ်တိုင်းလိုလိုမှာ ခုခံကာကွယ်ရေးတပ်တွေ ဖွဲ့စည်းထားပြီး အာဏာသိမ်းစစ်ကောင်စီနဲ့ ကြား မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်နေတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ဒေသခံခုခံကာကွယ်ရေးတပ်တွေကို လိုက်လံစုစည်းနေပြီး ဒီအဖွဲ့တွေ အားလုံးပေါင်းကာ တစ်ချိန်တည်း တစ်ပြိုင်နက်တည်း စစ်ကောင်စီကို စစ်ရေးအရ ပြန်တိုက်မယ့် အချိန်ကာလအား မကြာခင်ကြေညာမယ်လို့ ပြောဆိုထားပါတယ်။