အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၉ ခုနှစ်က ချမှတ်ဆောင်ရွက်ခဲ့တဲ့ ဘဏ်တွေနဲ့ အွန်လိုင်းငွေကြေးစနစ်တွေကို တစ်နေရာတည်းမှာ စုစည်းအသုံးပြုနိုင်မဲ့ မြန်မာကျူအာ (MMQR) စနစ်ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၇ ရက် မနေ့က စတင်မိတ်ဆက်လိုက်ပါတယ်။
ဗဟိုဘဏ်ရဲ့ ဦးဆောင်ကြီးကြပ်မှုနဲ့ အကောင်အထည်ဖော်ခဲ့တဲ့ မြန်မာကျူအာ (MMQR) စနစ်ဟာ မတူညီတဲ့ ဘဏ်စာရင်း၊ မတူညီတဲ့ ငွေပေးချေမှု၊ မတူညီတဲ့ ဒစ်ဂျစ်တယ်မိုဘိုင်းငွေကြေးတွေကို လွှဲပြောင်း၊ လက်ခံရာမှာ ချိတ်ဆက်အသုံးပြုနိုင်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။
MMQR ကို လတ်တလောမှာ KBZ pay၊ AYA Pay၊ Wave Money၊ CTZ pay၊ UAB Pay၊ A Plus Wallet၊ Yoma Bank၊ MAB Bank၊ Trusty၊ Zego နဲ့ Mpitesan စတဲ့ ငွေကြေးဝန်ဆောင်မှုလုပ်နဲ့ ဘဏ်လုပ်ငန်းတွေ ပါဝင်ထားပါတယ်။
အခွန်အခ၊ မီတာခ၊ ခရီးသွားလုပ်ငန်း၊ ဝန်ထမ်းလစာ၊ ပင်စင်၊ အသေးစား စီးပွားရေးလုပ်ငန်း၊ စက်သုံးဆီဆိုင်နဲ့ ပုဂ္ဂလိက ဆေးရုံ၊ လူသုံးကုန် ပစ္စည်းတွေအတွက် ငွေပေးချေရမှာ အသုံးပြုနိုင်မယ်လို့လည်း ဆိုပါတယ်။
ဒီစနစ်ကို အသုံးပြုပြီး ဒစ်ဂျစ်တယ် စီးပွားရေး အဆောက်အအုံ ဖွံ့ဖြိုးလာစေဖို့ ရည်ရွယ်တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ မြန်မာ ကျူအာ (MMQR) စတင်မိတ်ဆက်တဲ့ အခမ်းအနားမှာ ပြောပါတယ်။
ဒါ့အပြင် ငွေသားကိုင်တွယ် အသုံးပြုတာကို လျော့ချနိုင်မှာဖြစ်သလို ကုန်သည်နဲ့ အသုံးပြုသူတွေကြား ငွေပေးချေမှုကို လျင်လျင်မြန်မြန် လုပ်လာနိုင်မယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့က ငွေကြေးဝန်ဆောင်မှု လုပ်ငန်းလုပ်သူ တစ်ဦးက ဒီစနစ်ဟာ မိုဘိုင်းငွေကြေး အသုံးပြုသူတွေအနေနဲ့ ပိုပြီးလွယ်ကူလာနိုင်ပေမဲ့ ငွေသားကိုင်တွယ် အသုံးပြုမှုကိုတော့ လတ်တလောမှာ လျော့ကျမှာ မဟုတ်သေးကြောင်း RFA ကို ပြောပါတယ်။
“မတူညီတဲ့ ငွေပေးချေမှုမှာ MMQR က အသုံးဝင်နိုင်ပါတယ်။ မတူညီတဲ့ မိုဘိုင်းငွေကြေးတွေကို လွှဲပြောင်းရတာ ပိုလွယ်သွားတယ်။ ငွေသားသုံးစွဲမှုကတော့ ချက်ချင်းကြီး လျော့ချလို့ရဦးမှာတော့ မဟုတ်ပါဘူး။ ကျေးလက်ဒေသမှာဆို ဒီငွေပေးချေမှုက မရှိသလောက်ဖြစ်နေတာရယ်၊ မြို့ပေါ်တွေမှာလည်း ငွေသားသုံးစွဲမှုက နေရာတိုင်းမှာ ဆက်ပြီးရှိနေသေးတယ်”
အမျိုးသားငွေပေးချေမှု မဟာဗျူဟာအရ နိုင်ငံတော်အဆင့် စံနှုန်းဖြစ်တဲ့ မြန်မာ ကျူအာ (MMQR) စနစ်ကို အကောင်အထည်ဖော်ဖို့ကို ၂၀၁၉ ခုနှစ်က ချမှတ်ဆောင်ရွက်ခဲ့ပြီးနောက် စစ်တပ်က အာဏာသိမ်းပြီး လေးနှစ်ကျော်အကြာမှာ မိတ်ဆက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။