မန္တလေးမြို့တွင်း လုံခြုံရေး ပြည်သူတွေ စိုးရိမ်မှုတွေရှိကြောင်း ထောက်ပြ
မန္တလေးမြို့အတွင်းမှာ ပြည်သူတွေရဲ့ နေ့စဉ်လူနေမှုဘဝ လုံခြုံမှု ကင်းမဲ့နေတယ်လို့ ပြည်သူတွေ အနေနဲ့ စိုးရိမ်နေကြကြောင်း မန္တလေးမြို့ အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက သတိပေး လိုက်ပါတယ်။
-
2018-11-23 -
-
-
Your browser doesn’t support HTML5 audio
မန္တလေးမြို့အတွင်းမှာ ပြည်သူတွေရဲ့ နေ့စဉ်လူနေမှုဘဝ လုံခြုံမှု ကင်းမဲ့နေတယ်လို့ ပြည်သူတွေအနေနဲ့ စိုးရိမ်နေကြကြောင်း မန္တလေးမြို့ အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက သတိပေးလိုက်ပါတယ်။
၅ လကြာ အချိန်ယူကောက်ခံခဲ့တဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေးဆိုင်ရာ လူထုစစ်တမ်းကောက်ယူခြင်း အစီရင်ခံစာကို ဒီနေ့မနက်က ဟိုတယ်မန္တလေးမှာ မိတ်ဆက်ရာမှာ ဒေသခံတွေရဲ့ စိုးရိမ်မှုကို မေတ္တာကမ်ပိန်း လူငယ်အဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုသန်းမြတ်စိုးက ပြောခဲ့တာဖြစ်ပါတယ်။
မေတ္တာကမ်ပိန်းအဖွဲ့က ကောက်ယူရရှိတဲ့ အချက်တွေအရ အခွန်အခတွေ သုံးစွဲမှုနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာ မှုမရှိတာ မြို့တွင်းရေပေးဝေရေး ကိစ္စတွေမှာ လိုအပ်ချက်ရှိနေတာတွေ ပါဝင်ပါတယ်။
အဲဒီအချက်အလက်တွေကို အစိုးရအဖွဲ့အစည်းတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို တင်ပြသွားမယ်လို့ သိရပါတယ်။
မန္တလေးမြို့တွင်း ၆ မြို့နယ်က အချိုးကျ နမူနာရယူထားတဲ့ လူဦးရေ ၄၀၀ ခန့်ကို ကောက်ယူခဲ့တဲ့ စားရင်းတွေအရ မြို့တွင်းလုံခြုံရေးနဲ့ပတ်သတ်လို့ စိုးရိမ်နေသူ ထက်ဝက်နီးပါးလောက်ရှိနေတာကို တွေ့ရတယ်လို့ မေတ္တာကမ်းပိန်း လူငယ်အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုသန်းမြတ်စိုးက ပြောပါတယ်။
"စစ်တမ်းဖြေကြားခဲ့တဲ့သူတွေအနေနဲ့ စိုးရိမ်မှုတွေရှိတယ်၊ ဘာကြောင့်လဲဆိုရင် သွားတဲ့လာတဲ့အခါမှာ လုံခြုံတယ်လို့ မခံစားရဘူးဖြစ်နေကြောင်းနဲ့ ရေမြောင်းစနစ်၊ ရေပေးဝေရေးတွေမှာ ထိရောက်တဲ့ စနစ်ရရှိချင်တယ်ဆိုတဲ့ အကြောင်းအပါအဝင် စည်ပင်ရွေးကောက်ပွဲနဲ့ပတ်သတ်လို့ တစ်အိမ်တစ်ယောက် မဲပေးရတာထက် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရလိုကြောင်းတွေကို ဖြေကြတယ်"
ဒါ့အပြင် အစိုးရဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု မရှိတာတွေကိုလည်း ယုံကြည်မှု မရှိကြတာကို တွေ့ရပါတယ်။
အဲဒီထဲမှာ ပြည်သူတွေအနေနဲ့ စည်ပင်သာယာရေးကော်မတီကို ထမ်းဆောင်နေရတဲ့ အခွန်အခတွေကို ဘယ်လိုစီမံခန့်ခွဲနေလဲဆိုတာကို မသိရကြောင်းနဲ့ အခွန်ငွေတွေ အကျိုးရှိရှိသုံးစွဲနေတယ်လို့ မယုံကြည်ကြောင်း ဖြေဆိုသူတွေများတယ်လို့လည်း သိရပါတယ်။
မေတ္တာကမ်းပိန်းအဖွဲ့ဟာ ၂၀၁၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်ကကျင်းပခဲ့တဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်မှုတွေလည်း ပြုလုပ်ခဲ့တဲ့အဖွဲ့လည်းဖြစ်ပါတယ်။
တချိန်တည်းမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်လာပြီးနောက်ပိုင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ဥပဒေ၊ နည်းဥပဒေတွေကို ခေတ်ကာလနဲ့လျော်ညီတဲ့ ဥပဒေအဖြစ် အသစ်ပြန်လည်ရေးဆွဲဖို့ကိုလည်း ပြင်ဆင်နေတာတွေရှိပါတယ်။
အဲဒီအတွက် အများပြည်သူကြားနာပွဲတစ်ခုကိုလည်း မန္တလေးတိုင်းလွှတ်တော်မှာ လာမယ့် ဒီဇင်ဘာလဆန်းပိုင်း အတွင်းမှာ ကျင်းပပြုလုပ်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်က သိရပါတယ်။
အဲဒီကြားနာပွဲမှာဆိုရင် ပထမဆုံးအနေနဲ့ ဈေးနဲ့သားသတ်ဆိုင်ရာ ကိစ္စရပ်ကို ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်က ပြောပါတယ်။
"အကြံပြုမယ်ဆိုရင် အခုလကုန်နောက်ဆုံးထား ပေးပို့ဖို့လိုကြောင်းနဲ့ အဲဒီနောက်ပိုင်းမှာတော့ ကျန်တဲ့ဌာနတွေနဲ့ ပတ်သတ်လို့လည်း အကြံပြုချက်တွေကို ပေးပို့နိုင်ကြောင်း၊ ပြည်သူတွေ ပေးပို့တာတွေအားလုံးကိုယူပြီးတော့ ဥပဒေရေးဆွဲသင့်တာကို ရေးဆွဲပြီး ပြင်ဆင်သင့်တာကို ပြင်ဆင်သွားမယ်လို့ ပြောပါတယ်"
မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေကို ၂၀၁၄ ခုနှစ်မှာပြဋ္ဌာန်းခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ ပြင်ဆင်ပြဋ္ဌာန်း ချက်တချို့ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။