သရုပ်ဆောင် မေပန်းချီကို စစ်ခုံရုံးက ထောင်သုံးနှစ်ချ

သရုပ်ဆောင် မေပန်းချီကို ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်သုံးနှစ်ချလိုက်ပါတယ်။

သရုပ်ဆောင် မေပန်းချီအား ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ May Panche

သရုပ်ဆောင် မေပန်းချီကို အင်းစိန်အကျဉ်းထောင်တွင်း စစ်ခုံရုံးကနေ ဇွန်လ ၇ ရက်နေ့မှာ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာမှာ စစ်ကောင်စီတပ်ရဲ့ လေကြာင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ဝမ်းနည်းကြောင်း လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့တာကြောင့်ဆိုပြီး ဧပြီလ ၁၁ နေ့မှာကတည်းက အဖမ်းခံခဲ့ရတာပါ။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ဟာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့ဖြစ်တာကြောင့် ရုံးချိန်းနှစ်ကြိမ် အပြီးမှာပဲ စစ်ခုံရုံးကနေ အမိန့်ချလိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"သရုပ်ဆောင် မေပန်းချီနဲ့ ပုံစံအတူတူ ဖမ်းဆီးခံထားရတဲ့ တခြားသရုပ်ဆောင်တွေ ကိုတော့ အမိန့်ချလိုက်တာ မကြားမိသေးဘူး၊ မေလသံစဉ်က ဒဂုံမြို့သစ်အရှေ့ပိုင်း၊ သတင်းစာဆရာ ကိုကျော်မင်းဆွေက စမ်းချောင်းမြို့နယ်၊ သူတို့တွေက စစ်အုပ်ချုပ်ရေးမှာပါတဲ့ မြို့နယ်တွေ မဟုတ်ဘူးလေ၊ သရုပ်ဆောင် မေပန်းချီနဲ့ မတူဘူး၊ သူနေတဲ့ မြောက်ဒဂုံမြို့နယ်က စစ်အုပ်ချုပ်ရေးမြို့နယ်ဖြစ်တော့ စစ်ခုံရုံးက တိုက်ရိုက်အမိန့်ချလိုက်တာ၊ တခြားသူတွေကတော့ စစ်ဆေးနေဆဲပဲရှိသေးတယ်လို့ ကြားပါတယ်"

သရုပ်ဆောင် မေပန်းချီနဲ့အတူ သရုပ်ဆောင် မြတ်သူသူ၊ အဆိုတော် ရွှေရည်သိန်းတန်၊ အဆိုတော် မေလသံစဉ်နဲ့ သတင်းစာဆရာ ဦးကျော်မင်းဆွေတို့ကိုပါ စစ်ကောင်စီ တပ်ကဖမ်းဆီးပြီး အမှုဖွင့်ခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ နေ့အထိ ဖမ်းဆီးခံခဲ့ရသူပေါင်း ၂၃၂၉၉ ဦးရှိပြီး အဲဒီအထဲက ၁၈၉၆၈ ဦးက လက်ရှိအထိ ပြန်မလွတ်သေးသလို ၆၃၃၀ ဦးကတော့ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org